သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/ Youth Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး မတ် ၂၂

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာဒေါက်တာမတင်ဝင်း၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်းစာအုပ်အား ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနော်လော်မူက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ဂင်းဂွန် (Book Club)မှ စာအုပ်ပါအကြောင်းအရာဖြစ်သည့် ပင်ကိုယ်စရိုက်နှင့် ကိုယ်ရည်ကိုယ်သွေး၊ ရုပ်ရည်နှင့်အရည်အချင်းဖိုမကွဲပြားခြားနားမှုနှင့် ကိုယ်ရည်ကိုယ်သွေး၊ အဆိုးမြင်စိတ် ပိတ်ဆို့မှုများ၊ စိတ်ပျက်အားလျော့ခြင်း၊ ခံပြင်းခြင်းစသည့်အကြောင်းအရာများအား စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး ဒေါ်မြင့်မြင့်(Youth Club)အဖွဲ့ဝင်က ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ကိုးကွယ်ရာမဲ့သော အခြေအနေသို့ရောက်ခြင်း အတွေ့အကြုံကင်းမဲ့ခြင်း၊ အကြောင်းအကျိုးဆက်စပ်မှုကို လွဲမှားစွာနားလည်ခြင်း၊ စသည့်တို့ကိုဖတ်ကြားပြီး Book Club/ Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါစာရေးဆရာဒေါက်တာမတင်ဝင်း၏ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးခြင်းစာအုပ်ကို ဖတ်ရှုခြင်းဖြင့် ကိုယ်ရည်ကိုယ်သွေး ဖြစ်ပေါ်မှုနှင့်ပတ်သက်၍ ယေဘုယသဘောများသိလာခြင်း၊ ကလေးငယ်များ၏ အပြုအမူသဘောထားကိုသိရှိလာခြင်း၊ လူမှုပတ်ဝန်းကျင်နှင့်ရင်းနှီးကျွမ်းဝင်စွာ နေထိုင်နိုင်ရန် သိရှိလာခြင်းစသည့် အကျိုးကျေးဇူးများကို သိရှိလာကြောင်း သိရသည်။

နော်နော်မူ