ဘားအံ မတ် ၂၂
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ကရင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော လှိုင်းဘွဲမြို့နယ် တောင်ပို့-တောင်ပလောင်-နောင်ဘိုကြီးလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက နောင်ဘို ကြီးကျေးရွာလမ်းဆုံရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ကတ္တရာလမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျသည့်အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါက စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ၊ ကုန်စည်စီးဆင်းမှုများ၊ ရောင်းဝယ်ဖောက်ကားမှုများကို အဆင်ပြေချောမွေ့စွာ သွားလာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့်လမ်းသည် မိုင်အားဖြင့် ၉ မိုင်ခန့် ရှည်လျားပြီး ဒေသခံပြည်သူများက မြေသားလမ်း၊ အမာခံကျောက်လမ်းအဖြစ် ကိုယ်ထူကိုယ်ထ အပိုင်းလိုက် ဆောင်ရွက်ခဲ့ကြကာ ပိုင်ကျုံ-ထန်းတစ်ပင်လမ်းပေါ်ရှိ အထက်ပိုင်ကျုံ(အမှတ် ၅ ရပ်ကွက်)မှတောင်ပို့(အမှတ် ၄ ရပ်ကွက်)-တောင်ပလောင်-ကရဲထော်-သုံးအိမ်စုရွာများကိုဖြတ်၍ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတား ကျိုး)လမ်းပေါ်ရှိ နောင်ဘိုကြီးကျေးရွာကို ဆက်စပ်ပေးသော လမ်းကွန်ယက်တစ်ခုဖြစ်ကြောင်း၊ တိုးတက်ကောင်းမွန် လာသည့်လမ်းကွန်ယက်များကိုအမှီပြု၍ ဒေသထွက်ကုန်များ၊ စိုက်ပျိုးရေးသီးနှံများ၊ လယ်ယာထွန်ကုန်များကို ကုန်ကျစရိတ်သက်သာမြန်ဆန်စွာဖြင့် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်သည့်အတွက် ဒေသခံ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး အစရှိသော လူမှုစီးပွားဘဝများကို ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက လမ်းဆိုင်ရာအချက် အလက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး (မြို့ပြ)က ကတ္တရာလမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် နယ်မြေခံစစ်ဗျုဟာမှူးတို့က လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ယနေ့ဖွင့်လှစ် သောလမ်းသည် ၂၀၂၀-၂၀၂၁ ခုနှစ် ရှေ့ပိုင်းကာလအထိ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေစုစုပေါင်း ကျပ် ၅၉၇ ဒဿမ ၃၇၉ သန်းဖြင့် ကျောက်လမ်း ၄ မိုင်၊ ၅ ပေ Box Culvert နှစ်စင်းနှင့် ပေ ၆၀ တံတားတစ်စင်းတို့ကို ဆောင်ရွက်ပေး ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၆၆ ဒဿမ ၆၁၄ သန်းဖြင့် ကျောက်လမ်း နှစ်မိုင်ကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကတ္တရာလမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယဉ် ကျေးမှုအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင် ကွက်သစ်ရှိ ဇွဲကပင်အဆင့်မြင့်အားကစားကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ကျင်းပသည့်ဘောလုံးပြိုင်ပွဲသည် ဇွန်လ ၈ ရက်နေ့မှ ၂၈ ရက်နေ့ထိ မန္တလေးမြို့တွင် ကျင်းပ ပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန်နှင့် အောင်မြင်မှုရရှိရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ကရင်ပြည် နယ်ဘောလုံးအားကစားအနေဖြင့် တိုင်းဒေသကြီး နှင့်ပြည်နယ်ပြိုင်ပွဲများတွင် ချန်ပီယံဆုဖလားများရရှိခဲ့သည့် အစဉ်အလာများရှိခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင်လည်း ဆုဖလားရရှိရေးအတွက် ထူးချွန်ထက်မြတ်၍ ကြိုးစားအားထုတ်မှု နှင့် ဇွဲလုံ့လရှိသော အားကစားသမားများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ရွေးချယ်ခံရသော အားကစားသမားများ အနေဖြင့်လည်း မိမိတို့၏ ဘောလုံးစွမ်းဆောင်ရည်ဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ကြသူများဖြစ်ကြပါစေကြောင်း၊ သတ်မှတ် ထားသော ဘောလုံးစည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းမှ မိမိတို့မြို့နယ်အသင်း အနိုင်ရ အောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်း ခုနှစ်သင်းမှ အားကစားသမားများသည် အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးပြိုင်ပွဲဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေး ပါသော ဘင်ခရာတီးဝိုင်းအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းနှင့်ကော့ကရိတ်မြို့နယ် ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင် ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘောလုံးအားကစားဝါသနာရှင်များ ကြည့်ရှု အားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က အဖွင့်ပွဲစဉ်အကောင်းဆုံးအားကစားဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မတ်လ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့ထိ ပွဲစဉ်ပေါင်း ၁၃ ပွဲဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)