ကော့ကရိတ် အောက်တိုဘာ ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ရပ်ကွက် /ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ထုတ်ပြန်ကြေညာလျက်ရှိကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃) ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါ က ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းဆောင်ရွက် နိုင်ခြင်း၊ ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးပိုစတာ၊ လက်ကမ်းစာစောင်တို့ကို ပြသဆောင်ရွက်ထားခြင်းနှင့် မဲစာရင်းလာရောက် ကြည့်ရှုသူများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားရှိသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ (၁၄) ရက်နေ့ထိ ကြေညာထားမည်ဖြစ်ပြီး ဒုတိယအကြိမ် မဲစာရင်းကြေညာထားရှိမှုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၀၃၃၀၆) ဦး ရှိပြီး မဲရုံပေါင်း (၁၂၃) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)