မယ်စဲ့မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများထုတ်ပေး

မယ်စဲ့ မတ် ၂၂

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများအား မြန်မာ့စီးပွားရေးဘဏ်မှ မတ်လ ၂၁ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာထုတ်ပေးနေမှုနှင့်ပတ်သက်၍ “လစဉ်ပုံမှန်ထုတ်နေကျ ပင်စင်စားတွေဆိုရင် ၂၁ ရက်နေ့မှစ၍ လကုန်အထိနဲ့ လတွေစုပေါင်းပြီးထုတ်တဲ့ ပင်စင်စားအတွက်ဆိုရင် လတစ်လရဲ့ ၂၁ ရက်နေ့မတိုင်မီ  ထုတ်ပေးနေပါတယ်” ဟု မြန်မာ့စီးပွားဘဏ်မန်နေဂျာဦးဝင်းနိုင်က ပြောကြားသည်။

မယ်စဲ့မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားမြို့ပြ(၁၄)ဦး၊ ကာကွယ်ရေး(၄၂)ဦး၊ နိုင်ငံရေး(၇)ဦး စုစုပေါင်း(၆၃)ဦးရှိရာ အဆိုပါအငြိမ်းစားဝန်ထမ်းများအား လစဉ် ၂၁ ရက်နေ့မှ လကုန်ရက်အထိ ပင်စင်လစာများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ငွေလွှဲလုပ်ငန်း၊ ငွေစုဘဏ်လုပ်ငန်း၊ အစိုးရဌာန ဆိုင်ရာစာရင်း အသွင်း/အထုတ် လက်ခံဆောင်ရွက်ပေးခြင်း ၊ စာရင်းရှင်စာရင်း၊ အဖွဲ့အစည်း စာရင်း၊ တစ်ဦးချင်းစာရင်းများကို ဖွင့်လှစ်ခြင်းလုပ်ငန်းတို့ကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

ဝတ်ရည်(မယ်စဲ့)