ကသာမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ကသာ မတ် ၂၂                                          

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ မြောက်ကျောင်းဘုန်းတော်ကြီးကျောင်းတွင် ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

အစိုးရဓမ္မစရိယနှင့် ပါဠိပထပြန်စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၁၂၂)ပါးရှိရာ ရဟန်း၊ သာမဏေ၊ သီလရှင် (၉၂)ပါး ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက် (၃၀)ပါးရှိကြောင်းနှင့် မတ်လ(၂၁)ရက်မှ ဧပြီလ(၃)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာ မြောက်ကျောင်းဘုန်းတော်ကြီးကျောင်းသို့ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆရာတော်၊ သံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးသူအန်းနှင့် ကျန်းမာရေးဝန်ထမ်းများက စာဖြေသံဃာများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဖြည့်ဆည်း  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စွာ(ကသာ)