စစ်ကိုင်း မတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ပိုက်ကျော်ခြင်း ဒိုင် သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက ပိုးတန်းရပ်ကွက်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်(ဖလား) တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ကျင်းပရာ တင်းနစ်ပြိုင်ပွဲတွင် အလွတ်တန်းနှင့် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး အသင်းများ မြို့နယ်(၇)မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အလွတ်တန်းပြိုင်ပွဲတွင် မုံရွာမြို့နယ်အသင်းမှ ပထမဆု၊ စစ်ကိုင်းမြို့နယ်အသင်းမှ ဒုတိယဆု၊ ရွှေဘိုမြို့နယ်အသင်းနှင့် ဗန်းမောက်မြို့နယ်အသင်းတို့က ပူးတွဲတတိယဆုများရရှိခဲ့ကြပြီး အသက်(၂၅)နှစ်အောက် အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် မုံရွာမြို့နယ်အသင်းမှ ပထမဆု၊ စစ်ကိုင်းမြို့နယ်အသင်းမှ ဒုတိယဆု၊ ရွှေဘိုမြို့နယ်အသင်းမှ တတိယဆု၊ အသက်(၂၅)နှစ်အောက် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် စစ်ကိုင်းမြို့နယ်အသင်းမှ ပထမဆု၊ မုံရွာမြို့နယ်အသင်းမှ ဒုတိယဆု၊ ရွှေဘိုမြို့နယ်အသင်းမှ တတိယဆုများ အသီးသီး ရရှိခဲ့ကြသည်။
အဆိုပါ ဆုများရရှိခဲ့ကြသည့် အားကစားသမားများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်(ကိုယ်စား) လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်