စစ်ကိုင်း မတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၃-ခုနှစ် နွေရာသီ အားကစားမျိုးစုံ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အားကစားသင်တန်းများ ဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က နိုင်ငံတော်အစိုးရအနေနဲ့ အားကစားများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အဖက်ဖက်မှ အားပေးမြှင့်တင်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့်လည်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစား အဆင့်အတန်းမြင့်မားလာစေရေးအတွက် မူဝါဒများ ချမှတ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တစ်ကျအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း နိုင်ငံတော်၏အားကစား မူဝါဒများကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက် အစွမ်းကုန်ပံ့ပိုးကူညီ ဆောင်ရွက်လျက် ရှိကြောင်း စသည်ဖြင့် ပြောကြားပြီး သင်တန်းနည်းပြနှင့် သင်တန်းသားများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအေးကိုကိုက လက်ခံပေးခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မင်းသန်းက အားကစားပစ္စည်းများကိုလည်းကောင်း၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်နှင့် တာဝန်ရှိသူများက သရုပ်ပြအားကစားသမားများအား ထောက်ပံ့ငွေများကို လည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံပေးခဲ့ကြပြီး ကရာတေးဒို၊ Fitness Dance နှင့် ရိုးရာခြင်းလုံး ကစားနည်းများဖြင့် သရုပ်ပြသပေးခဲ့ကြကာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အားကစားသမားများအား ရင်းနှီးစွာနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်