မိုင်းဖြတ် မတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်နှင့်မီဒီယာအခွင့်အလမ်း စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာရေးဆရာ သိန်းအေးရေးသားထားသည့် လူငယ်နှင့် မီဒီယာအခွင့်အလမ်းစာအုပ်ပါ စာအုပ်များဖြင့် ဘဝကိုတည်ဆောက်ခြင်း ခေါင်းစဉ်ပါအကြောင်းအရာများ၊ ယနေ့ခေတ် လူငယ်များသည် အသိပညာ၊ အတတ်ပညာများ ကြွယ်ဝကြောင်း၊ သတင်းမီဒီယာနည်းပညာဖြင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရန် လိုအပ် ကြောင်း ဖတ်ကြားရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ (Youth Club) ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက လူငယ်နှင့်မီဒီယာအခွင့်အလမ်း ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းလောင် ခေးက လူငယ်တွေ လက်ခံနေတဲ့ ယဉ်ကျေးမှုခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့သည်။ ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် လူငယ်များက သိမှတ်ဖွယ်ရာ အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းမှာ ယနေ့ခေတ်သည် မီဒီယာခေတ်ဖြစ်ပြီး မီဒီယာကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်နှင့် သတင်းအမှား၊ သတင်းအမှန်များကို ဝေဖန်ပိုင်းခြားနိုင်ရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာ၊ အတတ်ပညာ ဗဟုသုတများကို ဖလှယ်ရရှိနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)