ပုသိမ် မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်မှကြီးမှူး၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ခရိုင်အဆင့် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအား ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် သင်တန်းသား သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က “အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ၏ သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရေး၊ သင်ကြားရေး အရည်အသွေး မြင့်မားလာစေရေးနှင့် ထိရောက်စွာ ပြန်လည်သင်ကြား ပို့ချနိုင်စေရေးနှင့် အခြေခံပညာကဏ္ဍတွင် အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူ ဆရာ၊ ဆရာမများအနေဖြင့်လည်း ပို့ချဆွေးနွေးချက်များကို စိတ်ပါဝင်စားစွာ လေ့လာဆွေးနွေး ပေးကြစေလိုကြောင်းနှင့် မိမိတို့၏ အရည်အသွေးများပြည့်ဝအောင် အစဉ်ကြိုးစားနေကြရမှာ ဖြစ်ပါကြောင်း၊ ထို့ပြင် လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့် တက်ရောက်စေရေး အတန်းစဉ်ကူးပြောင်းရေးကိုလည်း ဆရာ၊ ဆရာမများ၊ မိဘများနှင့် အုပ်ချုပ်ရေးအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုပါကြောင်း၊ ပြောင်းလဲလာသည့် စနစ်သစ်အား အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် နိုင်ငံတော်ကြီးဖြစ်အောင် အားလုံး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက ဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ဆရာ၊ ဆရာမများအား လမ်းညွှန်အမှာစကားများ ပြောကြားခဲ့ပြီး ပုသိမ်ခရိုင်ပညာရေးမှူးက ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲအား ခရိုင်ပညာရေးမှူးများ ဦးဆောင်မှုဖြင့် ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာခရိုင်တို့တွင် ယခုလ ၂၁ ရက်မှ၂၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အထက်တန်းအဆင့် သင်တန်းသား သင်တန်းသူဆရာ၊ ဆရာမ (၅၁၉၀)ဦး၊ အလယ်တန်း အဆင့် သင်တန်းသား သင်တန်းသူဆရာ၊ ဆရာမ (၁၄၅၅၇)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး အမျိုးသား သွေးလှူဘဏ်ခွဲ၌ အနောက်တောင်တိုင်းစစ်ဌာနချူပ်မှ ပြုလုပ်သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားအား တက်ရောက်၍ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းမှုအား ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)