သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ "လူဆိုသည်မှာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

သာပေါင်း မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာပေခရီးသွားများ၏အထူးအစီအစဉ်အဖြစ် လူငယ်စာရေးဆရာများ ပါဝင်ရေးသားထားသည့် "လူဆိုသည်မှာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် စာအုပ်၏အမှာစာများကို ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ (Book Club) အဖွဲ့ဝင် ဦးဝင်းသိန်းက စာပေခရီးသွားများ၏ အထူးအစီအစဉ်အဖြစ် လူငယ်စာရေးဆရာများ ပါဝင်ရေးသားထားသည့် "လူဆိုသည်မှာ" စာအုပ်ပါ လူစစ်လူမှန်လူတော်လူကောင်း “လူဆိုတာ ဘာလဲ...” လို့ မေးမည်ဆိုလျှင် အလွယ်တကူနှင့် ပေါ့ပေါ့ပါးပါးလေး ဖြေနိုင်တာကတော့ လူဆိုတာ “လူပဲပေါ့”” ဟူ၍ ဖြစ်၏။ သို့မဟုတ် မတ်တပ်ရပ်၊ လက်နှစ်ဖက်ပိုက်၍ လူဆိုသည်မှာ“ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်သောသူကို လူဟူခေါ်သည်”ဟူ၍ ဖြစ် ၏။ ဒါဆို ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်တိုင်း လူဟုခေါ်မည်ဆိုလျှင် အခြားပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေတဲ့ သတ္တဝါတွေကိုရော လူဟု ခေါ်နိုင်ပါသလားဆိုသည့် အမေးကို မည်သို့ ဖြေကြပါမည်နည်း။ ကွဲပြားအောင် ဖြေတတ်ဖို့တော့ လိုပေလိမ့်မည်။ တရားသဘောနှင့် ကြည့်မည်ဆိုလျှင် လောကကို အရင်ဦးတည်ရမည်ဖြစ်၏။ သို့ဖြစ်ရာ လောကတွင်သတ္တလောက၊ သင်္ခါရလောကနှင့်ဩကာသလောကဟူ၍ လောက (၃) မျိုးရှိသည့်အနက် လူသည် သတ္တလောကတွင် ပါဝင်ပေ၏။ လူနတ်ဗြဟ္မာ သတ္တဝါဟုခေါ်သော သက်ရှိများအကျုံးဝင်နေသည်ဖြစ်၍ ထိုသတ္တလောကအား ထင်သာမြင်သာရှိစေရန် သက်ရှိလောကဟု ဆိုကြပါစို့။

ထို့ကြောင့် လူသည်သက်ရှိလောကတွင် ဖြစ်၏။ သို့ဆိုလျှင် သက်ရှိလောကတွင်ရှိသော လူ၊ နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်၊ ငရဲသား၊ ပြိတ္တာဟုခေါ်သော သူတို့တွင်ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်နေသောသူများ လည်းရှိပေရာ၊ ၄င်းတို့ကိုရော “လူ”ဟု ခေါ်နိုင်ပါသလား။ မခေါ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အမျိုးအစားတစ်မျိုးစီတိုင်းမှာ သူ့စံနှုန်းနှင့် သူ ရှိကြသောကြောင့် ဖြစ်၏။ လူတွင် လူနှင့်ညီသော စံနှုန်းရှိ၏။ ထို့အတူ လူ၊ နတ်၊ ဗြဟ္မာတို့ တွင်လည်း လူ၊ နတ်၊ ဗြဟ္မာတို့နှင့်ညီသော စံနှုန်းရှိ၏။ ငရဲသားနှင့် ပြိတ္တာတို့တွင်လည်း သူ့စံနှုန်းအတိုင်းရှိကြသည်။ တိရစ္ဆာန်များသည်လည်း တိရစ္ဆာန် စံနှုန်းရှိကြသည်သာဖြစ်၏။ သို့ဆိုလျှင် နတ်၊ ဗြဟ္မာတို့ကို လူဟုမခေါ်နိုင်သလို ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန်တို့ကိုလည်း လူဟုခေါ်စရာ အကြောင်းမရှိတော့ပေ။ ထိုအခါ လူဟုသတ်မှတ်ထားသော စံနှုန်းရှိသည်ကိုသာ လူဟုခေါ်တွင်ရာ၏။ ဤတွင် အရည်အချင်း တည်ရှိပုံကိုလိုက်၍ လူတွင် လူကောင်း၊ လူတော်၊ လူဆိုး၊ လူညံ့၊ လူယုတ်မာ၊ လူစဉ်မမီစသည်ဖြင့် ကွဲပြားစွာမြင်တွေ့နိုင်မည်ဖြစ်သည်။
လူကောင်းဟုဆိုရာ၌ ထိုလူသည် ကောင်းသောသူဖြစ်၏။လူဆိုး လုံးဝမဖြစ်နိုင်။တော်ချင်လည်း တော်မည်။ ညံ့ချင်လည်း ညံ့မည်။ လူစဉ် မမီသူလည်း ဖြစ်နိုင်၏။ သို့သော် လူယုတ်မာတော့ မဖြစ်နိုင်။
လူတော်ကို ကြည့်မည်ဆိုလျှင် ထိုသူသည်လူညံ့လုံးဝမဖြစ်နိုင်။ သို့သော် ထိုလူသည် လူကောင်းလည်း ဖြစ်နိုင်၏။ လူဆိုးလည်း ဖြစ်နိုင်၏။ လူယုတ်မာလည်း ဖြစ်နိုင်၏။ လူစဉ်မမီလည်း ဖြစ်နိုင်၏။ တစ်ဖန် လူညံ့ကိုကြည့်မည်ဆိုလျှင် ထိုလူသည် လူတော် လုံးဝ မဖြစ်နိုင်သော်လည်း လူကောင်းတော့ ဖြစ်နိုင်ပေ၏။ လူဆိုး၊လူယုတ်မာ၊လူစဉ်မမီလည်း ဖြစ်နိုင်၏။
၄င်းတို့အထဲမှာ လူစဉ်မမီကိုကြည့်လျှင် ထိုလူသည် အရည်အချင်းတစ်ခုစီကိုလိုက်၍ ဖြစ်နိုင်သော်လည်း လူဆိုးနှင့်လူယုတ်မာတို့ကား မည်သည့်အမျိုးအစားထဲသော်မျှ တန်းဝင်မဆန့်ပေ။ ထို့ကြောင့် လူဖြစ်သူများသည် လူဖြစ်ရကျိုးနပ်အောင် မည်သည့်အမျိုးအစားတွင် ပါဝင်သင့်ပါသနည်း။ လူဖြစ်သော်လည်း လူစဉ်မမီသော လူမှာပြီးခဲ့သော ဘဝတစ်ခု၏အကုသိုလ်လုပ်ရပ်တစ်ခုကြောင့် အပြစ်ဒဏ်ခံရခြင်းဖြစ်သည်ဟု ဗုဒ္ဓဘာသာက ဆို၏။ သို့ဖြစ်ပါလျှင် ထိုလူစဉ်မမီသောသူ အမျိုးအစားအားချွင်းချက်အဖြစ် ချန်ထားခဲ့မည်ဆိုလျှင် လူကောင်း၊ လူတော်၊ လူညံ့ထဲက တစ်ဦးတစ်ယောက် ဖြစ်သင့်သော်လည်း လူဆိုး၊ လူယုတ်မာတော့ မဖြစ်သင့်ရာ။ လူကောင်းကို တော်အောင်လုပ်နိုင်သလို လူညံ့ဖြစ်လျှင်လည်း တော်အောင်ကောင်းအောင်ပြုလုပ်လို့ ရနိုင်၏။ မြတ်ဗုဒ္ဓ၏ တရားတော်နှင့် ကြည့်မည်ဆိုလျှင် လောကတွင် လူဖြစ်ရန်အလွန်ခဲယဉ်း၏။ ထိုအလွန်ခဲယဉ်းလှသော အခွင့်အရေးအလွန်နည်းပါးလှသော၊ ရနိုင်ခဲလှသော ရလာသည့်လူ့ဘဝကို မည်သို့တန်ဖိုးထားသင့်ပါ သနည်း။ ခက်ခဲပင်ပန်းစွာ လုံ့လပြု၍ရလာသော အလွန်တရာလိုချင်လွန်း လှသည့်ပစ္စည်းသို့မဟုတ် အရာတစ်ခုအား ကျွန်ုပ်တို့တန်ဖိုးရှိရှိ ထိန်းသိမ်း ထားမည်ဖြစ်သကဲ့သို့ ရတောင့်ရခဲလှသော လူ့ဘဝကိုလည်း ကျက်သရေ ရှိအောင် တန်ဖိုးထားရမည် မဟုတ်ပါလား။ ထိုသို့ တန်ဖိုးထားနိုင်အောင် ဂုဏ်ကျက်သရေတင့်တယ်အောင်ဟု ဆိုရာမှာ`သိရှိမှု”ဟူသော အသိဉာဏ်လည်း လိုပေသေး၏။အသိဉာဏ်ရှိမှသာလည်း လူကောင်း၊ လူတော်ဖြစ်လာနိုင်မည် မဟုတ်ပါလား။
မိမိ၏ ပင်ကိုယ်ဗီဇအသိဉာဏ်ကြောင့်သော်လည်းကောင်း၊ လူကြီး သူမဆရာသမား မိဘဘိုးဘွားများ၏ ပြောဆိုဆုံးမပဲ့ပြင်မှုကြောင့်သော် လည်းကောင်း၊ စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် ရရှိသော ဗဟုသုတကြောင့် သော်လည်းကောင်းရရှိသော အသိဉာဏ်တို့ကို အသုံးချ၍ လူကောင်း၊ လူတော် လုပ်နိုင်ရာ၏။ ဤတွင် ပင်ကိုယ်ဗီဇအသိဉာဏ်ထက် လူကြီးသူမ ဆရာသမားဘိုးဘွားများ၏ ပြောဆိုဆုံးမမှုကသာလွန်ပြီး လူကြီးသူမဆရာသမား မိဘဘိုးဘွားတို့ထက် စာပေဖတ်ရှုခြင်းက သာလွန်၏ဟုကျွန်ုပ်ကမြင်ပေသည်။
အဘယ်ကြောင့်ဆိုသော် စာအုပ်စာပေတွင် မိမိပင်ကိုယ်ဉာဏ်တွင်-စသည်ဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေးရာ အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊ လူရွယ်များ၊ပြည်သူများ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန်၊စာပေမှရရှိသည့် အသိပညာဖြင့်တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)