ပြည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲစတင်ကျင်းပ

ပြည် မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို   ပြည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာန၌  ယနေ့မွန်းတည့် ၁၂ နာရီက စတင်ကျင်းပလျက်ရှိရာ မြို့နယ်သံဃနာယကအဖွဲ့မှကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ကျန်းမာရေးဆရာ၊ ဆရာမများက လိုအပ်သည်များကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါဓမ္မာစရိယစာမေးပွဲ၏ (ပထမနေ့)ယနေ့တွင် ပါရာဇိကဏ်ဘာသာရပ်အား ပြည်မြို့နယ်အတွင်းကျောင်းတိုက်အသီးသီးမှ စာဖြေရန်စာရင်းရှိ သံဃာတော်/သီလရှင်  စုစုပေါင်း (၆၂၁)ပါးအနက် (၅၆၅)ပါး ဝင်ရောက်ဖြေဆိုတော်မူကြပြီး ပျက်ကွက် (၅၆)ပါးနှင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၀.၉၈ ဖြစ်ကြောင်းသိရပြီး ယင်းဓမ္မာစရိယစာမေးပွဲတွင် ပါရာဇိကဏ်ဘာသာရပ်‌ဖြေဆိုရန်  (၆၂၁) ပါး၊ ၊ သီလက္ခန်ဘာသာရပ်ဖြေဆိုရန် (၃၆၅)ပါး၊ ဓမ္မသိင်္ဂဏီဘာသာရပ်ဖြေဆိုရန် (၃၄၉)ပါး၊  မြန်မာဂုဏ်ထူးဘာသာရပ် (၅၃)ပါးနှင့် ပါဠိဂုဏ်ထူးဘာသာရပ် (၁)ပါးတို့ ဖြေဆိုရန်စာရင်းပေးသွင်းထားရှိကြောင်း ခရိုင်သာသနာရေးဦးစီးဌာနရုံးမှ သိရသည်။

ပြည်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ယခုလ ၂၁ ရက်မှ ၃၀ ရက်နေ့အထိ ၁၀ ရက်ကြာကျင်းပမည်ဖြစ်ကာ စာမေးပွဲရက်အတွင်း စာဖြေချိန်နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိဖြစ်‌‌ကြောင်း၊ ဆက်လက်၍ ပါဠိပထမပြန်(ငယ်၊ လတ်၊ ကြီး)နှင့် အခြေပြုမူလတန်းစာမေးပွဲကိုလည်း အ.ထ.က(၁)၌ ယခုလ ၂၈ ရက်မှ ဧပြီ ၃ ရက်နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းနှင့် ယင်းစာမေးပွဲနှစ်ရပ်ပေါင်းတွင် စုစုပေါင်းစာဖြေ(သံဃာတော်/သီလရှင်) (၁၉၂၅)ပါး ဝင်ရောက်ဖြေဆိုတော်မူကြမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)