ဝါးခယ်မ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ဘလေးကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း၌ ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးဝေလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဇော်နိုင်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီမှူး ဦးဇော်မိုးနောင်နှင့် အဖွဲ့ဝင်များ ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ တာဝန်ရှိသူများက ၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးအစီအမံများ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ အခြေခံလူဦးရေ စာရင်းများ တိကျမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ၊ ကျေးရွာနေ ပြည်သူများ ကျန်မာရေးဆိုင်ရာ ကိစ္စရပ်များအား အသိပေးဆွေးနွေးကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းပါဝင်ရန် လိုအပ်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများမှ လိုအပ်သောတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)