မုံရွာ မတ် ၂၂
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပလျက်ရှိသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ရာ မတ်လ(၂၁)ရက်နေ့တွင် မုံရွာမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ပါရာဇိက ကဏ္ဏပါဠိအဌကထာ (၁) ဘာသာရပ်တွင် ရဟန်းသံဃာတော်၊ သာမဏေနှင့်သီလရှင်စုစုပေါင်း (၁၀၆) ပါး ဖြေဆိုလျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စုစုပေါင်းဖြေဆိုသူ (၂၀၂၇) ပါး ရှိကြောင်း သိရသည်။
မုံရွာမြို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့မှာဖြေဆိုရန် ရဟန်း၊ သံဃာတော်၊ သာမဏေနှင့် သီလရှင်စုစုပေါင်း (၁၅၄) ပါး စာရင်းရှိပြီး လာရောက်ဖြေဆိုသည့်ရဟန်း၊ သံဃာတော်၊ သာမဏေနှင့်သီလရှင်စုစုပေါင်း (၁၀၆) ပါး ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ဖြေဆိုရန် စာရင်းရှိ (၂၄၃၅)ပါးရှိပြီး ပထမနေ့လာရောက် ဖြေဆိုသူပေါင်း (၂၀၂၇) ပါး ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ သိရှိ ရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မုံရွာမြို့ ပြည်သူ့ အားကစားကွင်း အတွင်းရှိ အားကစားခန်းမတွင် ယမန်နေ့မွန်းတည့်မှ ညနေ (၄) နာရီအချိန်ထိ စာမေးပွဲဖြေဆိုနေကြသည့် ရဟန်း၊ သံဃာတော်၊ သာမဏေနှင့်သီလရှင်များ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကဉက္ကဋ္ဌ ဆရာတော်အပါအဝင် ကြီးကြပ် ဆရာတော်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ခရိုင် (ပြန်/ဆက်)