မြန်အောင် မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စာပေချစ်သူများက ဦးစီးကျင်းပသော ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာစာအုပ်မိတ်ဆက်ပွဲနှင့် ကဗျာရွတ်ဆိုပွဲကို ယမန်နေ့နံနက်က မြန်အောင်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်အောင်ရေနံမြေ၊ ရွှေပြည်သာရေနံမြေ အထွေထွေမန်နေဂျာ ဦးညွှန်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ဟင်္သာတမြို့နယ်မှ စာရေးဆရာ၊ ကဗျာ ဆရာဆရာမ မအိက ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုဂုဏ်ပြု၍ ရေနည်းငါးတို့ရဲ့ရှိုက်သံများ ကဗျာစာအုပ်စီစဥ်သူ ဟိန်းမင်း (မြန်အောင် ရေနံမြေ) က ကဗျာစာအုပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်ကောင်းလတ်က အမှတ်တရစကားပြောကြားခဲ့သည်။
ဆက်လက် မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း၊ မြန်အောင်မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူးစာရေးဆရာ စံဝင်းအောင်နှင့်မြန်အောင်မြို့နယ် ဥတ္တရကြယ်စင်စာပေအင်အားစုဥက္ကဋ္ဌ စာရေးဆရာ မိုးသက်ဇော်တို့က မုဒိတာစကား ပြောကြားကြပြီး ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲသို့ တက်ရောက်ကြသည့် ကဗျာချစ်သူများက တစ်ဦးချင်းမိတ်ဆက်၍ နှစ်သက်မြတ်နိုးသော ကဗျာတစ်ပုဒ်စီရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်
မြန်အောင် (ပြန်/ဆက်)