ရေနံချောင်း မတ် ၂၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို ၁၃၈၄ ခုနှစ် တန်ခူးလဆန်း ၁ ရက်(၂၀၂၃ ခုနှစ် မတ် ၂၁ ရက်) ယနေ့မွန်းတည့် ၁၂ နာရီက ရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက်ရုံးရပ်ရှိ သဒ္ဓသုခီရာပြည့်သာသနာ့ဗိမာန်တော်ကြီး၌ စတင်ကျင်းပလျက်ရှိသည်။
ရေနံချောင်းမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ကျမ်းရင်း(၁)ဖြေဆိုသည့်နေ့တွင် စာရင်းရှိ ရဟန်း၊ သီလရှင် ၃၄ ပါးအနက် ရဟန်း ၂၄ ပါး၊ သီလရှင် ၆ ပါး လာရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက် ရဟန်း ၄ ပါးရှိကာ ဖြေဆိုမှု ၈၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲကို မတ် ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ဩဝါဒစရိယဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးဆောင်ဆရာတော်များ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်သံဃဝေယျာဝစ္စအဖွဲ့များက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
စာမေးပွဲကျင်းပနေစဉ် စာဖြေသံဃာတော်များအား ရပ်ကွက်အလိုက် နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဌာနဆိုင်ရာအဖွဲ့အလိုက် အချိုရည်ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)