ကယားပြည်နယ်တွင် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ်ထပ်မံကပ်ထားကြေညာ

လွိုင်ကော် အောက်တိုဘာ  ၁ 

 

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကယားပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ ရပ်ကွက် /ကျေးရွာများအတွင် ကပ် ထားကြေညာပေးမည်ဖြစ်ပြီး Online မှတဆင့် လည်း စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးကျော်ဆန်းဝင်းထံမှသိရသည်။

ကယားပြည်နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကပ်ထားသည့် အချိန်တွင် မဲစာရင်း များ၌ မိမိအမည် ပါမပါ  အချက်အလက်များ မှားယွင်းနေခြင်းများ ရှိနေပါက ပြင်ဆင် ဖြည့်စွက်ခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း ၊ ယခု ဒုတိအအကြိမ်သည် ပထမအကြိမ်ကဲ့သို့ မှားယွင်းမှုအားနည်းချက်များ နည်းပါးလာကြောင်း၊  မဲပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေးအတွက် အချိန်မီ လာရောက်ကြည့်ရှုနိုင်စေရေးအတွက် ပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လည်း အသံချဲ့စက်များဖြင့် လှည့်လည်နိုးဆော် ပေးလျက်ရှိကြောင်းသိရှိရသည်။

ကယားပြည်နယ်အတွင်း မဲရုံပေါင်း (၂၃၃) ရုံလျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေမှာ (၂၀၇၂၆၇) ဦး၊ ဗမာတိုင်းရင်းသား မဲဆန္ဒရှင် (၃၉၈၁၈)ဦး နှင့် မသန်စွမ်းမဲဆန္ဒရှင် ဦးရေ (၆၅၆) ဦးရှိကြောင်းသိရသည်။

အောင်ထွန်းလေး (ပြန်/ဆက်)