ဖျာပုံ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ် (၈၀)ယာဥ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ) တို့ ပူးပေါင်း၍ မြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဥ်များ ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်နိုင်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီ အချိန်က ဖျာပုံ-ဒေးဒရဲကားလမ်းကြီးဘေးတွင် ဆောင်ရွက်ကြသည်။
အဆိုပါ မော်တော်ယာဥ်ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲ တပ်ဆင်နိုင်ရေး အသိပညာပေး ဆောင်ရွက်ရာတွင် ဖျာပုံခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဆင့်ဆင့်ထွန်းနှင့် ဝန်ထမ်းများ၊ အမှတ် (၈၀) ယာဥ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ယဥ်မင်းသိုက်နှင့် တပ်ဖွဲ့ဝင်များသည် မော်တော်ယာဥ် ဖောင်းကြွနံပါတ်ပြားကို ခေတ်ကာလနှင့် လျော်ညီစွာ နိုင်ငံတကာတွင် အသုံးပြုနေသည့် မော်တော်ယာဥ် နံပါတ်ပြားများနည်းတူ လုံခြုံရေးပိုင်းဆိုင်ရာ အချက်အလက် (Security Feature) များ ထည့်သွင်းရိုက်နှိပ် အသုံးပြုတပ်ဆင်ပေးလျက်ရှိရာ၊ မော်တော်ယာဥ်များတွင် ဖောင်းကြွနံပါတ်ပြားကို ယခင်က တိုင်းဒေသကြီး/ပြည်နယ်ဒေသသင်္ကေတ၊ ရောက်ရှိအက္ခရာနှင့် ဂဏန်းများသာပါရှိရာမှ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် ဒေသသင်္ကေတတို့အပြင် မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်တို့ကို ထပ်တိုးထည့်သွင်း ရိုက်နှိပ်လျက် မော်တော်ယာဥ် ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်အား ပြောင်းလဲ တပ်ဆင်နိုင်ရေး အသိပညာပေး ဆောင်ရွက်လျက်ရှိရာ၊ အဆိုပါ ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်အား (၃၁-၃-၂၀၂၃) ရက်နေ့အပြီး၊ ပြောင်းလဲတပ်ဆင်နိုင်ရေး အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)