ငပုတော မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ တောင်ပိုင်းရပ်ကွက် သာယာကျောင်းတိုက် ဝန်းအတွင်း၌ တည်ထား ကိုးကွယ်တော်မူအပ်သော သာယာအေး အာရုံခံစေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြက်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါ စေတီတော်မြတ်ကြီး ရင်ပြင်တော် ၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားအား နမောတဿ (၃) ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီးနောက် ဆရာတော် အရှင်သူမြတ်များ ထံမှ (၉) ပါးသီလ ခံယူဆောက်တည်ကာ စိန်ဖူးတော်၊ ငှက်မနားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့်တို့အား တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ၊ ဥုးဝိစက္ခဏာ အရှင်သူမြတ်ထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရှိန်နေလွင်ထွန်းနှင့် စေတနာရှင် အလှုရှင်မိသားစုများက သံဃာတော် များထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ဆက်လက်ပြီး ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့်များတို့အား သာသနာတော်ဆိုင်ရာ အခမ်းအနားနှင့် အညီ ပင့်ဆောင်ပူဇော်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ် (၃)ပတ် ပူဇော်ခဲ့ပြီး မင်္ဂလာရထားပျံဖြင့်ပင့်ဆောင်ကာ” ပစ်တိုင်းထောင် မင်္ဂလာရွှေဆိုင်းတော်ကြီး”မှ ဂုဏ်ပြုမင်္ဂလာပိုဒ်စုံရတုဖြင့် သီဆိုပူဇော် သည်။ ထို့နောက် မင်္ဂလာအချိန်တွင် ရွှေထီးတော်နှင့် ငှက်မြက်နားတော်နှင့်ရတနာ စိန်ဖူးတော်တို့အား “မင်္ဂလာရထား ပျံဖြင့်” အောင်မြင်စွာ တင်လှူပူဇော်ခဲ့ပြီးနောက် အောင်ဂါထာရွတ်ဆို၍ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်း ခဲ့သည်။
အဆိုပါ သာယာအေးအာရုံခံ စေတီတော်မြတ်ကြီးအား မြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် သာသနာဓဇ ဓမ္မာစရိဆရာတော် ဘဒ္ဒန္တနဒ္ဒ၏ သြဝါဒကို ခံယူ၍ (၇)ရက်သားသမီး၊ စေတနာရှင် အလှူရှင်များက (၁၃၈၄)ခုနှစ် တန်ခူးလဆန်း (၁)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ရွှေထီးတော်တင်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။
ရွှေထီးတော်တင် အခမ်းအနားသို့ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် မြို့ပေါ်ကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)