အထက်မင်းလှ မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအား နွေဦးကာလနှင့် မိုးကြိုကာလရာသီကူးပြောင်းချိန်များ၌ လေပြင်းဘေးအန္တရာယ်နှင့် မုန်တိုင်းများကျရောက်လေ့ရှိသဖြင့် ရပ်ကွက်/ကျေးရွာ များအတွင်းရှိ နွမ်းပါးအိမ်ထောင်စုများ၊ အိုမင်းမစွမ်းအိမ်ထောင်စုများ၏ နေအိမ်များ လေပြင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုနည်းပါးနိုင်သမျှ နည်းပါးစေရန် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မတ်လ၄ရက်နေ့တွင် သက်ကယ်ကျင်းကျေးရွာ၊ ညောင် ပင်ကျင်းကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ နေအိမ်ပြုပြင်မွမ်းမံရန် အသုံးစရိတ်များချထားပေးခဲ့ခြင်းဖြစ်ပြီး ယမန်နေ့နေ့လယ်ပိုင်းက တာဝန်ရှိသူများက အဆိုပါကျေးရွာများတွင် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များအား ပြုပြင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သက်ကယ် ကျင်းကျေးရွာနှင့် ညောင်ပင်ကျင်းကျေးရွာရှိ အိမ်ခြေ (၁၀၀) လုံးကို လေပြင်းဒဏ် ကြံ့ခိုင်နိုင်စွမ်းအားရှိရန် အားဖြည့်ပြင်ဆင်မှုအဖြစ် ဝါးထရံပြုပြင်အသစ်လဲတပ်ဆင်ခြင်း၊ သက်ကယ်အမိုးများမိုးခြင်း၊ ဝါးကြမ်းခင်း များအသစ်ပြုပြင်ဆောင်ရွက်ပေးခြင်း၊ အိမ်တိုင်များ အသစ်လဲပေးခြင်း၊ သွပ်နန်းကြိုးများ တုံ့ဆိုင်းပေးခြင်းများကို မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။
မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ကယ်ကျင်းကျေးရွာမှ လူနေအိမ် (၅၀)လုံး၊ ညောင်ပင်ကျင်း ကျေးရွာမှလူနေအိမ်(၅၀)လုံး စုစုပေါင်းလူနေအိမ်(၁၀၀)လုံးအား လူနေအိမ်(၁)လုံးလျှင်ထောက်ပံ့ငွေ (၄၅၀၀ဝိ/)နှုန်းဖြင့် လူနေအိမ်(၁၀၀)လုံးအတွက် ငွေကျပ် (၄၅)သိန်း အကုန်အကျခံပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)