ဖျာပုံ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့်၊ အထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၁)ကျောင်း အောင်မြေခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမကြီးများအား လာမည့်နှစ်များမှာ အောင်ချက်ရာခိုင်နှုန်း ဒီထက်ပိုမို ကောင်းမွန်အောင် အတတ်နိုင်ဆုံး သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ လုံခြုံရေးကိစ္စများအား အထူးဂရုပြု နေထိုင်သွားရန် မှာကြားဆွေးနွေးပြီး၊ ဖျာပုံခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးမြင့်က အထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးပြောကြားသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲသို့ ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များမှ အထက်တန်း၊ အလယ်တန်းအဆင့် ဆရာ၊ ဆရာမ စုစုပေါင်း (၃၃၂၇)ဦး တက်ရောက်ပြီး၊ သင်တန်းကာလမှာ (၂၁-၃ -၂၀၂၃)မှ (၂၄-၃-၂၀၂၃)ရက်နေ့အထိ (၄)ရက်ကြာ စုရပ်နေရာ(၃)နေရာခွဲ၍ ဆွေးနွေးပွဲကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)