ကျောင်းကုန်း မတ် ၂၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးကော်မတီတို့ပူး ပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကို "ဘဝ ရှေ့ဆောင်" ကိုယ်ပိုင်အထက်တန်း ကျောင်းခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အားကစားသင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်က အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့လာလိုက်စားခြင်းဖြင့် အမျိုးသားအားကစား တိုးတက်မြင့်မားလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် အားကစားနည်းအလိုက် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာများအား ဝတ်စုံပေးအပ်ခြင်းနှင့် နွေရာသီအခြေခံ အားကစားသင်တန်း မှ ထူးချွန်သူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မြန်မာ့သိုင်းသင်တန်းသားများနှင့် Fitness Dance သင်တန်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ်ငါးသောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ငွေကျပ် သုံးသောင်း အသီးသီးဆုများ ချီးမြှင့်ခဲ့ကြပြီး မြန်မာ့သိုင်းနှင့် Fitness Dance အဖွဲ့မှ သရုပ်ပြ ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)