ပုသိမ် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းတွင် မြောင်းမြမြို့နယ် မဒေါ့ပင်ကျေးရွာရှိ နွေစပါးတစ်ဧကတင်း (၁၂၀) အထက် ထွက်ရှိရေး ဧက(၁၀၀)စံပြကွက်သို့ သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ဆောင်ရွက်သည့် (GW-11) မျိုးစပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်မှ သွင်းအားစုများ ထောက်ပံ့ပေးသည်နှင့်အညီ အရည်အသွေး ကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေးနှင့် ပိုးမွှားအန္တရာယ် ကျရောက်မရှိစေရေး၊ အထွက်တိုးစပါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးစေရေး၊ စံပြကွက်များ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် အိမ်မဲမြို့နယ်၊ တောင်စုကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်း အနားတက်ရောက်၍ တာဝန်ရှိသူများနှင့် အတူ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင်ထားမှုများ နှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အိမ်မဲမြို့နယ်၊ တောင်စုကျေးရွာ၌ လျှပ်စစ်မီး ဖွင့်လှစ် ပေးနိုင်ခဲ့ခြင်းကြောင့် ၎င်းရွာမှ အိမ်ခြေ (၅၈)လုံးတို့သည် လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်မည်ဖြစ်ပြီး ကျေးရွာနေ ပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)