ပုသိမ် မတ်လ ၂၁
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားများအား ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်၊ စကားမြားကျေးရွာနှင့် ထော်ကလို့ကျေးရွာတို့၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် စကားမြားကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ထော်ကလို့ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ် ဆက်လက်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင်ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ စကားမြားကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ၁၁ ကေဗွီလိုင်း ၁.၀၄ မိုင်သွယ်တန်းပေးပြီး ၂၀၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံးတည်ဆောက်ပေးခဲ့ကာ စကားမြားကျေးရွာမှ ကိုယ်ထူကိုယ်ထဖြင့် မရမ်းပင်ကျေးရွာမှတစ်ဆင့် ရွေးမြစ်ကိုဖြတ်ကျော်၍ လျှပ်စစ်ဓာတ်အားလိုင်း (၆၀၀) ပေ သွယ်တန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ(၁၀၀)လျှပ်စစ်မီးစတင်သုံးစွဲလျက်ရှိသည်။ ထို့အတူ ထော်ကလို့ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ၁၁ကေဗွီလိုင်း ၀.၅၄မိုင်သွယ်တန်းပေးပြီး ၁၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးခဲ့ကာ ကျေးရွာမှ ကိုယ်ထူကိုယ်ထဖြင့် ရှမ်းစုကျေးရွာမှတစ်ဆင့် ရွေးမြစ်ကိုဖြတ်ကျော်၍ လျှပ်စစ်ဓာတ်အားလိုင်း (၄၀၀)ပေ သွယ်တန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အိမ်ခြေ(၃၀) လျှပ်စစ်မီး စတင်သုံးစွဲလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုအထွက်တိုးစေရေးနှင့် တစ်သီးစိုက်မှ နှစ်သီးစိုက်၊နှစ်သီးစိုက်မှ သုံးသီးစိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး “တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် အလုပ်ရုံဆွေးနွေးပွဲများကိုပြုလုပ်ခဲ့ပါကြောင်း၊ လာမည့်မိုးစပါးစိုက်ရာသီတွင် တစ်ဧက(၁ဝ)တင်း နှုန်းအထွက်တိုးစေရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်အောင် စီမံဆောင်ရွက်နေမှုအခြေအနေများအား တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းပြီးချိန်အထိ လေလွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထား ဆောင်ရွက်ရန် လိုပါကြောင်း၊ လာမည့်မိုးစပါးစိုက်ရာသီတွင် မျိုး၊မြေ၊ရေ၊ နည်းစသည့် စိုက်ပျိုးရေးလုပ်ငန်းများအား စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ မြေပြင်ခြင်းနှင့် သွင်းအားစုများစနစ်တကျ အချိန်ကိုက်၊ အချိုးကျထည့်သွင်းဆောင်ရွက်စေရေး တောင်သူအသိပညာပေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ရိတ်သိမ်းခြွေလှေ့သည့် စနစ်မှ စပါးအထွက်နှုန်းလျော့ကျမှုမရှိစေရေးအတွက် ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ရန်လိုပါကြောင်း၊ လယ်တစ်ဧကအထွက်နှုန်း တိုးတက်စေရေးရန်အတွက် လုပ်ငန်းရှင်များအနေဖြင့်လည်း Contract Farming စနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်လည်း ကူညီဆောင်ရွက်ရန်လိုပါကြောင်း၊ တစ်ဧက(၁၀) တင်းနှုန်းထက် ပိုမိုထွက်ရှိရေးနှင့် တစ်သီးစိုက်မှ နှစ်သီးစိုက်၊ နှစ်သီးစိုက်မှ သုံးသီးစိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးကလည်း ပူးပေါင်း ဆောင်ရွက်ရန်လိုပါကြောင်း” အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တစ်ဧကအထွက်နှုန်း (၁၀)တင်း ပိုမိုထွက်ရှိရေးနှင့် တစ်သီးစိုက်မှ နှစ်သီးစိုက်၊နှစ်သီးစိုက်မှ သုံးသီးစိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတို့မှ မြောင်းမြခရိုင်အတွင်း လာမည့်စိုက်ပျိုးရာသီတွင် တစ်ဧကအထွက်နှုန်း ၁၀ တင်း တိုးထွက်စေရေးနှင့် တစ်သီးစိုက်မှနှစ်သီးစိုက်၊ သုံးသီးစိုက်သို့ တိုးတက်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)