ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပွင့်သာ‌မြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အသိပညာပေးဆွေးနွေးပွဲတွင် ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်မောင်မယ်များ စာပေအသိလိမ္မာ တိုးပွားစေရေး အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်များ ဆောင်ရွက်ကြစေလိုကြောင်းနှင့် အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ် မျိုးဆက်သစ်လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်ဆွေးနွေးသည့် မြို့နယ်ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့မှ အတွင်းရေးမှူး ဆရာကြီးဦးကျော်စိုး(ပညာရေး-ငြိမ်း)က ယနေ့ခေတ် လူငယ်မောင်မယ်များသည် နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူရမည့် အနာဂတ်၏ မျိုးဆက်သစ်များပင်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် ထူးချွန်ထက်မြက်သော လူရည်မွန်ကောင်းများဖြစ်အောင် ကြိုးစားကြဖို့လိုကြောင်း ၊ တစ်နည်းအားဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ မြို့နယ်(Book Club)အဖွဲ့အနေဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်မောင်မယ်များ စာပေအသိလိမ္မာ တိုးပွားစေ‌ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များသည် ခွန်အားဗလ ကောင်းမွန်သူများဖြစ်၍ စနစ်တကျ ပဲ့ပြင်ထိန်းကျောင်းပေးပါက လိမ္မာရေးခြားရှိတဲ့ လူတော်လူကောင်းများ ဖြစ်လာ‌စေမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချပြီး မိမိဘဝနှင့် အများကောင်းကျိုးအတွက် အမှန်တကယ် အကျိုးရှိသည့် အလုပ်များကို လုပ်ကိုင်ကြစေလိုကြောင်း၊ ထိုသို့ လုပ်ဆောင်ရာ၌ အောင်မြင်တိုးတက်ဖို့အတွက် ရည်မှန်းချက်ပန်းတိုင်ထားရှိပြီး ဆောင်ရွက်ကြဖို့လိုကြောင်း၊ စာပေအသိပညာဗဟုသုတ တိုးပွား စေရန်အတွက် အားလပ်ချိန်၌ စာအုပ်စာပေများကို ဖတ်မှတ်ကြဖို့ တိုက်တွန်းလိုကြောင်း စသဖြင့် လူငယ်ရေးရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေအသိပညာ ကြွယ်ဝစေရန် ရည်ရွယ်၍ မြို့နယ်ရုံး လူထုခြေပြုဗဟိုဌာနတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မြို့နယ် (Book Club) အဖွဲ့တို့နှင့် ပူးပေါင်းပြီး ယခုကဲ့သို့ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)