ကဝ မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကဝမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီးဒေါက်တာဆွေဇင်ဝင်းက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာ ကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်၊ ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးအတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း (၂၁)ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဆွေဇင်ဝင်းထံမှ သိရသည်။
အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များမှ လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)