မုံရွာ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ကော်မတီဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ် လူမှုဝန်ထမ်းဦးစီးဌာန ရုံးပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို (၁၆.၆.၂၀၂၂) ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ယခုလိုတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့နှင့် တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ်ကာ တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိတဲ့ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဉပဒေနှင့်အညီ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်နိုင်ရန်နှင့် လိုအပ်တဲ့ လမ်းညွှန်မှုများဆောင်ရွက်နိုင်ရန် ခေါ်ယူညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ကြောင်း။
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသည့် အားလျော်စွာ ရှေးဦးအရွယ်ဖြစ်တဲ့ ကလေးသူငယ်ဘဝအရွယ်မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ပေးခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုပြုရာမှာ ကလေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဟာ နိုင်ငံအတွက် အကျိုးအမြတ်အများဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့အနေဖြင့် မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ့်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများကို ဉပဒေနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် သက်တမ်းကာလသတ်မှတ်၍ တည်ထောင်ခွင့်ပြုမိန့်များ ထုတ်ပေးထားရှိခဲ့ပြီးဖြစ်ကာ သက်တမ်းကာလကျော်လွန်ပြီဖြစ်တဲ့ အချို့သောပုဂ္ဂလိက မူလတန်းကြိုကျောင်းများအတွက် တည်ထောင်ခွင့်ပြုမိန့်များ ပြန်လည်လျှောက်ထားနိုင်ရေး လိုအပ်တဲ့လမ်းညွှန်မှုများဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မိုးမြတ်က လုပ်ငန်းကဏ္ဍများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လက်စီမံဆောင်ရွက်မည့် လုပ်ငန်းများကို ပရိုဂျက်တာဖြင့် အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် အားလုံးပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့မှုများအပေါ် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ကော်မတီ ဥက္ကဌ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ရှေးဦးအရွယ် ကလေးသူငယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)