လိပ်သိုမြို့တွင် တောင်ပေါ်ကွမ်းကြမ်းများ အထွက်နှုန်းတိုးမြင့်လာစေရေး စိုက်ပျိုးမှုပုံစံ ပြောင်းလဲစိုက်ပျိုး

လိပ်သို      မတ်      ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် တောင်ပေါ်ကွမ်းကြမ်းများ အထွက်နှုန်းကောင်းမွန်စေရေးအတွက် ဒေသရိုးရာ စိုက်ပျိုးနေမှုမှ ပုံစံပြောင်းလဲ စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တောင်ပေါ်ကွမ်းကြမ်းများကို ဥယျာဉ်ခြံများရှိ  သစ်ပင်ကြီးများပေါ်တွင် ဒေသရာသီဥတုနှင့်အညီ သမရိုးကျ ရိုးရာနည်းဖြင့် စိုက်ပျိုးလာခဲ့ကြရာ နွေရာသီတွင် ကွမ်းရွက်အထွက်နှုန်းကျဆင်းခြင်း၊ ဆွတ်ခူးရာတွင်လည်း သစ်ပင်ကြီးများပေါ်တွင် စို့ရိုက်၍ ခက်ခဲစွာ ဆွတ်ခူးရခြင်းတို့ကြောင့် ကွမ်းပင်များကဲ့သို့ ရာသီမရွေး လွယ်ကူစွာ ဆွတ်ခူးနိုင်ရန် စမ်းသပ်စိုက်ပျိုးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့စမ်းသပ်စိုက်ပျိုးရာတွင် သရက်ပင်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပြီး  အပင်ခြေရင်းတွင် စမ်းသပ်စိုက်ပျိုးခဲ့ကြရာ ယခုအခါ အောင်မြင်လျက်ရှိနေ၍ အခြားသစ်ပင်ငယ်များ၏ ခြေရင်းတွင်လည်း စမ်းသပ်စိုက်ပျိုးလျက်ရှိသည်။ ယခင်က သစ်ပင်ကြီးများပေါ် စိုက်ပျိုးရာတွင် ပုံမှန်ရေပေးရန် မလိုအပ်သော်လည်း သရက်ပင်များပေါ်တွင် စိုက်ပျိုးရာ၌ ပုံမှန်ရေလောင်းပေးရကြောင်း အမှတ် (၃) ရပ်ကွက်နေ ကွမ်းရွက်စိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)