ချောက်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ‌ နောက်ဆုံးအကြိမ် ကပ်ထား‌ကြေညာ

ချောက်  အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား နောက်ဆုံးအကြိမ် အဖြစ် ကပ်ထားကြေညာခြင်းကို ချောက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် ပိုမိုပြည့်စုံမှန်ကန်ရေး အတွက် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာစဉ်က တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများ အား ဖြည့်စွက်ပြီး မဲဆန္ဒရှင်စာရင်းအားလုံးကို ယခု အောက်တိုဘာ (၁)ရက်နေ့မှ စတင်ကာ(၁၄)ရက်အထိ ကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်ပါက ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ ၄ (ဂ) စသည့် သတ်မှတ်ပုံစံများဖြင့် မဲစာရင်း ကပ်ထားကြေညာသည့် (၁၄) ရက်အတွင်း လာရောက် လျှောက်ထား ဆောင်ရွက်နိုင်ကြောင်း၊ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၇၁) ခု၌ မဲရုံပေါင်း (၂၅၈) ရုံရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင် ဦးရေ (၁၆၁၉၈၁) ဦးရှိပြီး အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရှုစေဖို့၊ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေးသည့် Web Application နှင့် Mobile Application များတွင် ဝင်ရောက်ကြည့်ရှုနိုင်‌ကြောင်းကိုရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးရှိ အဖွဲ့၀င်များအားလုံးကို အသိပေးပြောကြားထားကြောင်း ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မချို(ပြန်/ဆက်)