ပေါက်ခေါင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ပေါက်ခေါင်း       မတ်      ၂၁

၂၀၂၃ ခုနှစ်၊ ယနေ့မတ်လ ၂၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့(International Day of Forests)အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက ပေါက်ခေါင်းမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးအောင်မင်းသူက  ပြည်သူများအကြားသစ်ပင်သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားလာစေဖို့ သစ်တောများရဲ့အရေးပါသည့်အခန်းကဏ္ဍကို ပိုမိုနားလည်လာစေဖို့ သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေမှာပိုမိုပူးပေါင်းပါဝင်လာစေဖို့နဲ့ သစ်ပင်သစ်တောများကိုပိုပြီးတော့ချစ်ခင်မြတ်နိုးတတ်စေဖို့ ရည်ရွယ်ပြီးနှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အဖြစ်သတ်မှတ်ထားပါကြောင်း၊ "လူသားအားလုံးကျန်းမာဖို့ သစ်တောများကိုထိန်းသိမ်းစို့" ဟူသောဆောင်ပုဒ်နှင့်အညီ လူသားများကျန်းမာရေးအတွက် အကျိုးပြုလျက်ရှိသော သစ်တောသယံဇာတများရေရှည်တည်တံ့စေရေး ထိန်းသိမ်းကြပါရန်၊ ရာသီဥတုကောင်းမွန်သာယာမျှတစေရန် စားရေရိက္ခာဖူလုံစေရန် သစ်၊ ထင်း၊ ဝါး လောင်စာစွမ်းအင်လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများတိုးပွားစေရန် ကျွန်ုပ်တို့အားလုံးသစ်ပင်စိုက်ပျိုးကြပါရန်နှင့် နိဂုံးချုပ်အနေဖြင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာအစိုးရဌာနများသာမက ပြည်သူအားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်မှသာအပြည့်အဝအောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများနှင့်ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)