ပွင့်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာ၌ အခက်အခဲမရှိစေရေး မဲရုံ(၃)ရုံ တိုးချဲ့ ဆောင်ရွက်ထား

ပွင့်ဖြူ အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် တတိယ အကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခင်က မဲရုံပေါင်း (၁၆၀)ဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားရှိသော်လည်း မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် မဲရုံ(၃)ရုံ အား တိုးချဲ့၍ စုစုပေါင်း မဲရုံ(၁၆၃)ရုံဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက် ၊ ကျေးရွာအုပ်စု(၅၂)အုပ်စုနှင့် ကျေးရွာပေါင်း (၂၀၄)ရွာ ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေမှာ စုစုပေါင်း ၁၃၃၉၀၀ ဦးကျော် ရှိကြောင်း သိရပြီး ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ မိမိအမည် မဲစာရင်းတွင် ပါဝင်ခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးနိုင်ရန် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်အနေနဲ့ ယခု ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မဲ့ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခင်က မဲဆန္ဒနယ်မြေ(၁)မှ မဲရုံ(၈၆)ရုံ နဲ့ မဲဆန္ဒနယ်မြေ(၂)မှာ မဲရုံ (၇၄)ရုံ ၊ စုစုပေါင်း မဲရုံ(၁၆၀)ကို လျာထားစီစဉ်ထားရှိရာမှ ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနဲ့ အညီ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် မဲဆန္ဒနယ်မြေ(၁)မှာ မဲရုံ(၃)ရုံကို တိုးချဲ့စီစဉ်ထားလို့ ယခုဆိုရင် မဲရုံ စုစုပေါင်း(၁၆၃)ရုံ စီစဉ် ဆောင်ရွက်ထားပါတယ်။ ယခု ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းတွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတွေမှာ ရှိတဲ့ မဲရုံတွေမှာ စက်တင်ဘာ ၁ ရက် ယနေ့နံနက်ပိုင်းကစပြီး ကပ်ထားကြေညာပေးထားပါတယ်။ နောက်ပြီး ကျွန်တော်တို့ မြို့နယ်အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ အခွင့်အရေး မဆုံးရှုံးစေဖို့ မဲဆန္ဒရှင်ပြည်သူတွေ မဲစာရင်းမှာ ပါ ၊ မပါ ကြည့်ရှုဖို့ အတွက်ကိုလည်း သက်ဆိုင်ရာနယ်မြေအလိုက် ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲရုံးတွေကို နေ့စဉ် အသံချဲ့စက်တွေနဲ့ အသိပေး နှိုးဆော်တာတွေ ဆောင်ရွက်ပေးသွားဖို့ကိုလည်း ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

မဲစာရင်းကပ်ထားကြေညာပေးခြင်း လုပ်ငန်းကိုတော့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး ၁၄ ရက်နေ့ အထိ ကပ်ထား ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ယခု ဒုတိယအကြိမ် ကပ်ထားကြေညာပေးထားတဲ့ မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသော ပြည်သူတွေ မကျန်ရှိစေဖို့ အတွက်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားထားတဲ့ လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားတာဖြစ်လို့ မဲဆန္ဒရှင်ပြည်သူအနေနဲ့ မဲစာရင်းမှာ မိမိတို့အမည် ပါ ၊ မပါကို မဖြစ်မနေ လာရောက် ကြည့်ရှုကြဖို့ တိုက်တွန်းပြောကြားလို ပါတယ် ဟု ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့် က ပြောသည်။   

ရဲဝင်းနိုင် ( ညောင်ဦး )