မယ်စဲ့မြို့နယ်တွင် တံမြက်စည်းပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

မယ်စဲ့ မတ် ၂၁

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့တွင် တောင်ပေါ်ဒေသ သစ်တောများ၌ အလေ့ကျ ပေါက်ရောက်သည့် တံမြက်စည်းပင်များအား ခုတ်ယူပြီး တံမြက်စည်းပြုလုပ်ရောင်းချခြင်းဖြင့် ဒေသခံပြည်သူများ တဖက်တလမ်းမှ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

တံမြက်စည်းပင်သည် အများအားဖြင့် တောင်ပေါ်ဒေသသစ်တောများတွင် ပေါက်ရောက်ပြီး မယ်စဲ့မြို့နယ်သည် တောင်ကုန်းတောင်တန်းများ ပေါများသည့်အလျောက် မြို့ပတ်လမ်းနှင့် မြို့ရှောင်လမ်း ပတ်ဝန်းကျင်တွင်လည်း အလေ့ကျပေါက်ရောက်သဖြင့် တံမြက်စည်းရှာဖွေခုတ်ယူ သူများအနေဖြင့် တောတောင်ထဲအထိ သွားရောက်စရာမလိုဘဲ နေ့စဉ် တစ်ပိုင်တစ်နိုင် ခုတ်ယူနိုင် ကြောင်း သိရသည်။

တံမြက်စည်းပြုလုပ်သူများသည် အပွင့်အခိုင်စုံချိန်ဖြစ်သည့် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရှာဖွေခုတ်ယူကြသည်။ ခုတ်ယူရရှိသည့် တံမြက်စည်းအပင်များကို နှစ်ရက် သုံးရက်ခန့် နေလှန်းပြီးနောက် တံမြက်စည်းအပင်မှ အပွင့်များကြွေကျစေရန် ရိုက်ခါရသည်။ ရိုက်ခါပြီး တံမြက်စည်းပင်များကို ပလပ်စတစ်ကြိုးဖြင့် ရက်လုပ်ပြီး မြို့ထဲရှိ ဈေးဆိုင်များသို့ သွားရောက် ရောင်းချကြသည်။

ရက်လုပ်ပြီး တံမြက်စည်း တစ်ချောင်းလျှင်ကျပ် ၁၀၀၀ နှင့်သွင်းရကာ ဈေးဆိုင်များမှ ကျပ် ၁၅၀၀ ဖြင့် ပြန်လည်ရောင်းချကြောင်း၊ တောတောင်များ၌ သဘာဝအလျောက် ပေါက်ရောက်နေသည့် တံမြက်စည်းပင်များအား ခုတ်ယူပြီး တံမြက်စည်း ပြုလုပ်ရောင်းချခြင်းသည် အရင်းအနှီး စိုက်ထုတ် စရာမလိုသည့်အတွက် ဒေသခံပြည်သူများ တဖက်တလမ်းမှ အပိုဝင်ငွေရရှိကြောင်း တံမြက်စည်း ပြုလုပ်ရောင်းချသူ ဒေါ်အေးထံမှ သိရသည်။

ဝတ်ရည် (ပြန်/ ဆက်)