သရက်ချောင်း မတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းရွက်ပင် စိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ကွမ်းရွက်စျေးနှုန်းမြင့်တက်မှုကြောင့် ကွမ်းရွက်ပင်စိုက်ပျိုးသူများ ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ "ကွမ်းရွက်ပင်အစ စိုက်ပျိုးချိန်ဆို အပင်ငယ်စဉ်တွင် အပင်ကြီးထွားမှုအတွက် တိုင်များ စိုက်၍ စနစ်တကျ စိုက်ပျိုးရခြင်း၊ လေဒဏ်၊ နေဒဏ်ခံနိုင်ရန် အကာအကွယ်များ၊ ရေကောင်းစွာ ရရှိသော နေရာများမှာ စိုက်ပျိုးရပြီး အထွက်နှုန်းကောင်းအောင် သဘာဝမြေဩဇာများ စနစ်တကျ ထည့်ပေးရခြင်း၊ ကွမ်းရွက်စိုက်ဘောင်များ၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း အခြားသီးညှပ်သီးပင်များကိုလည်း စိုက်ပျိုးကာ မိသားစုအပိုဝင်ငွေများ ရရှိကြောင်း ကွမ်းရွက်ပင်စိုက်ပျိုးသူ တောင်သူ ကိုစုစုထံမှ သိရသည်။
သရက်ချောင်းမြို့နယ်တွင် ကွမ်ရွက်ပင် အရွယ်အစားအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ စျေးနှုန်းများလည်း အမျိုးမျိုး မတူညီကြောင်းသိရပြီး ကွမ်းရွက်ပေါက်ဈေးနှုန်းမှာ ယမန်နှစ်က ကွမ်းရွက်ငယ် အရွက်တစ်ရာပါတစ်စည်းကို ငွေကျပ် ၁၀၀၀မှ ၁၅၀၀ကျပ်အထိ ကွမ်းရွက်ကြီး အရွက်တစ်ရာပါ တစ်စည်းကို ငွေကျပ် ၁၅၀၀မှ ၁၈၀၀ကျပ်အထိသာရရှိပြီး ယခုအချိန်တွင် ကွမ်းရွက်ငယ် အရွက်တစ်ရာပါတစ်စည်းကို ငွေကျပ် ၁၈၀၀ မှ ၂၀၀၀ ကျပ်အထိ ကွမ်းရွက်ကြီး အရွက်တစ်ရာပါ တစ်စည်းကို ငွေကျပ် ၂၂၀၀မှ ၂၅၀၀ကျပ်အထိ စျေးကောင်းရရှိပြီး မြို့ပေါ်ဈေးများနှင့် မြို့ပေါ်ကုန်စုံဆိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)