ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရှမ်းရွာသစ် မတ် ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာညီညီနိုင်ရေးသားသော "လူဆိုတဲ့လူ အစွမ်းအစရှိတဲ့လူ"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးရဲလင်းနောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အဖွဲ့ဝင်များက စိတ်သဘာဝနှင့်ယှဉ်သော လူရဲ့စွမ်းပကားများ၊ အရည်အသွေးများ၊ ဘဝအောင်မြင်ရေးတွင် အတူတူလူလူချင်းနားလည်မှုရှိစွာ ပေါင်းသင်းဆက်ဆံ‌ရေး၊ လက်တွဲလုပ်ကိုင်ရေး၊ လောကကောင်းကျိုးဆောင်ရေး၊ ကိုယ်ချင်းစာတရားနှင့် ကြင်နာစိတ်တွေထားပြီး အပြန်အလှန် ကူညီရိုင်းပင်းရေး၊ ဟန်ဆောင်လှည့်ဖျားမှုနှင့် လူတန်းစားခွဲခြားမှုပပျောက်ရေးများ စသည့်စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို တစ်လလျှင်(၂)ကြိမ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)