လွိုင်ကော်မြို့၌ ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ထောက်ပံ့ငွေ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

လွိုင်ကော် မတ် ၂၁

ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ထောက်ပံ့ငွေ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊ ယာယီနေရပ်စွန့်ခွာသူပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် “ ပြည်နယ်အတွင်းရှိ  ယာယီနေရပ်စွန့်ခွာသူပြည်သူများ၏ လတ်တလောစားဝတ်နေရေးအတွက် လိုအပ်သည့်စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများနှင့် နေအိမ်အဆောက်အဦများ ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေရှည်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်လိုအပ်သည်များ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေး၊ လျှပ်စစ်မီးအချိန်ပြည့်ရရှိစေရေး၊ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ဘဝရေရှည်ရပ်တည်နိုင်ရေးအတွက် မိမိတို့၏မူလလုပ်ငန်းများကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းလာစေရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးပါကြောင်းပြောကြားသည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က  လွိုင်ကော်ခရိုင်နှင့် ဒီးမော့ဆိုခရိုင်တို့မှ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန် ၊ ဆီ ၊ ပဲနှင့် အခြေခံစားသောက်ကုန်များ၊ နေအိမ်အဆောက်အဦများ ပြန်လည်ပြုပြင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ၊ ယာယီတိုက်ပွဲရှောင်နေရာများတွင် လိုအပ်လျက်ရှိသော အထောက်အကူပြုပစ္စည်းများ ဝယ်ယူရန်အတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ သက်ဆိုင်ရာစစ်ရှောင်စခန်းအသီးသီးမှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသောပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ပြည်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်ခရိုင်နှင့် ဒီးမော့ဆိုခရိုင်အတွင်း ဘာသာရေးကျောင်းများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူ(၃၈၀၂)ဦး၊ အိမ်ထောင်စု(၁၁၄၁)စုတို့အတွက် ဆန်၊ ဆီနှင့် ကုလားပဲများ၊ ပျက်စီးသွားသောနေအိမ်(၃၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများတွင် လိုအပ်လျက်ရှိသော ရေလှောင်ကန်နှင့် သန့်စင်ခန်းများ ဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေများ၊ ဒေါပိုးစီဘုန်းတော်ကြီးကျောင်း လျှပ်စစ်မီးသွယ်တန်းမှုအတွက် ထောက်ပံ့ငွေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ထောက်ပံ့ငွေများအပါအဝင် စုစုပေါင်းထောက်ပံ့ငွေတန်ဖိုးမှ ကျပ်သိန်းပေါင်း (၈၇၄,၀၆၀၅၀)ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ယာယီတိုက်ပွဲရှောင်ပြည်သူများနေထိုင်သော ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားကျောင်းများသို့သွားရောက်ပြီး ယာယီတိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကာ တိုက်ပွဲရှောင်ပြည်သူများနေထိုင်သည့်  အိပ်ဆောင်များ၊ ထမင်းစားဆောင်၊ ရေချိုးခန်းနှင့်သန့်စင်ခန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ် (ပြန်/ဆက်)