ထားဝယ် မတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံ နှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကလေးအလုပ်သမားများ၏ ဥပဒေပါအခွင့်အရေးများသိရှိ နားလည်စေရန်၊ ကလေးအလုပ်သမားများ လျော့နည်း ပပျောက်စေရန်၊ အသက်မွေးသင်တန်းများ ဖွင့်လှစ် တက်ရောက် စေခြင်းဖြင့်မိသားစုများ အတွက် ပိုမိုကောင်းမွန်သောအသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေ ရန်၊လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်တည်မြဲစေမည့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေ ရန်ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်၍ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(National Skills Standards Authority, NSSA) ကို တည်ထောင်ထားရှိပြီး အာဆီယံ "စံ" နှုန်းထားများအတိုင်း ကျွမ်းကျင်မှု "စံ" များ ရေးဆွဲ သတ်မှတ်၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များကို ၂၀၁၃ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် ဆွေးနွေးပွဲမှရရှိလာသော အသိပညာဗဟုသုတများကို ရပ်ရွာလူထုအဆင့်အထိ သိရှိနားလည်ရန် ဆက်လက်မျှဝေသွားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးစီမံကိန်းသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သောတာဝန် တစ်ရပ် အနေ နှင့်ခံယူ၍တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီး၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအားလုံး အလေးထားပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အလုပ်သမားဝန်ကြီး ဌာနအနေဖြင့် အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်မျှော်မှန်းချက်ချမှတ်၍ မြန်မာနိုင်ငံ၌အရည်အချင်းပြည့်ဝသော လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရေး အပါအဝင် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုရည်မှန်းချက်များတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ရရှိခံစားမှုလျော့နည်း ကျဆင်းစေရေး၊ လုပ်သားထုယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးရန် လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေးတို့ ပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာ့အလုပ်သမားထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေရေး၊ အမှန်တကယ်အလုပ်လုပ်နိုင်သူများကိုသင့်တင့်ကောင်းမွန်သည့်လုပ်ငန်းခွင်များ၌ နေရာချထား ပေးခြင်းဖြင့်အလုပ်သမားများအတွက် လုပ်ခဝင်ငွေများ ရရှိနိုင်၍အလုပ်သမားများ၏ ဆင်းရဲမှုကို လျော့ချပေးနိုင်ရေးတို့ကို မူဝါဒ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ကလေးအလုပ်သမားများ၏ဥပဒေပါ အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာ ပေးရှင်းလင်းဆွေးနွေးပြောကြားသည်။
အခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလုပ်ရှင်နှင့်အလုပ်သမားများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)