လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

လိပ်သို မတ် ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာအုပ်/စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်ဆိုတာလန်းရမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေလေ့လာဖတ်ရှုခြင်းဖြင့် ဗဟုသုတကြွယ်ဝနိုင်ကြောင်းနှင့် လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်၏ အမှာစာများကို ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် လူငယ်ဆိုတာ လန်းရမယ် စာအုပ်အား (Book Club) အဖွဲ့ဝင် မနှင်းနှင်းနွယ်က “မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း” ခေါင်းစဉ်ပါ အောင်မြင်မှု တောင်ထွတ်၊ တောင်ထိပ်ကို ရောက်အောင်တက်နိုင်ကြ တယ်ဆိုတဲ့ လူတွေဟာ ခြေတစ်လှမ်းလှမ်းရုံနဲ့ ရောက်ခဲ့ကြတာမဟုတ်။ တောင်ခြေက စတင်ပြီး ခြေလှမ်းပေါင်း ထောင်သောင်းကို ပေါင်းစပ်ပြီး လှမ်းလာခဲ့လို့ တောင်ထိပ်ကို ခြေချနိုင်တာဖြစ်ကြောင်း၊ တောင်တက် လှမ်းတစ်လျှောက်မှာ သူ့ရင်ထဲမှာ ခိုင်မာတဲ့ တစ်စုံတစ်ခုရှိခဲ့ကြောင်း၊ အဲဒါဟာယုံကြည်မှုပဲဖြစ်ကြောင်း၊ အောင်မြင်မှုဆိုတာက လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားရှိ သူကိုပဲလာ ကြောင်း၊ လုပ်နိုင်မယ် မထင်ဘူးဆိုကြတဲ့သူတွေအတွက် အောင်မြင်မှုက ရောက်လာလေ့မရှိကြောင်းကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး အဆိုပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရသည့်အတွက် လူငယ်တွေမှာ မိမိရဲ့ပန်းတိုင်အကြောင်းကို တစ်ချိန်လုံး တွေးနေဖို့လိုကြောင်း၊ ပန်းတိုင်ကို မလွဲမသွေ လှမ်းကိုင်နိုင်တယ်ဆိုတာလည်း သေသေချာချာ မြင်အောင်တွေးဖို့လိုပါကြောင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိသူ တစ်ယောက်အနေနဲ့ နေထိုင်ရတာ သက်သောင့်သက်သာနဲ့ အေးချမ်းပျော်ရွှင်စရာကောင်းပါကြောင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း မရှိခြင်းဟာ ဘဝတစ်ခုလုံးကို အောင်မြင်အောင် ရှုံးနိမ့်အောင် အဆုံးအဖြတ်ပေးပြီး ခွဲခြားနိုင်တဲ့ အဓိကအရာဖြစ်တယ်ဆိုတာ မှတ်သားထားဖို့ကိုလည်း အသိပညာ ဗဟုသုတအနေဖြင့် သိရှိခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)