တနင်္သာရီ အောက်တိုဘာ ၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ မဲရုံ အသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ (၉၈) ဦးအား ခန့်အပ်၍ ယနေ့နံနက် ၉ နာရီအချိန် က တနင်္သာရီမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမနှင့် အထက-တနင်္သာရီ ပညာရတနာခန်းမတို့တွင် (၂) နေရာခွဲ၍ ဖွင့်ပွဲအခမ်းအနားကို တစ်ပြိုင်တည်းကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်နှင့် သင်တန်းနည်ပြ ဆရာများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခေတ္တမြို့နယ်ဦးစီးမှူး (လဝကမှူး) ဦးတင့်နိုင်နှင့် သင်တန်းသား အထူးရဲတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ တက်ရောက်ကြကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
ဖွင့်ပွဲအခမ်းအနားမှာ ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က လမ်းညွှန်အဖွင့်အမှာစကား ပြောကြားပေးပြီး တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်မှ အထူးရဲတပ်ဖွဲ့ဝင်များက မဲရုံလုံခြုံရေး ဆောင်ရွက်ရာတွင် အဓိကလိုက်နာရမည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းအမှာစကားပြောကြား ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၁)အုပ်စု၊ စုစုပေါင်း(၂၆)စုတွင် မဲရုံ (၉၈) ရုံရှိသဖြင့် အထူးရဲ(၉၈)ဦးနှင့် အရန်(၅)ဦး၊ စုစုပေါင်း(၁၀၃) ဦးတို့အား တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ယူ ကြီးကြပ်လျက် အထက-တနင်္သာရီ ကျောင်းဆောင်များအတွင်း အုပ်စု (၁) နှင့် (၂) ခွဲကာ အောက်တိုဘာလ (၁ ရက်မှ ၂၈ ရက်) အထိ၊ (၂၈)ရက်အကြာ စခန်းသွင်းလေ့ကျင့် သင်ကြားပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်ထံမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)