ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် (၁၀) နာရီက Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာအောင်လှိုင် (မြန်မာပြန်) ၏ "အများနှင့်ဆက်ဆံပြောဆိုသည့်ပညာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ရီရီမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများတိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်စုမြတ် က ''လူသား၏ပြောဆိုဆက်ဆံရေးနှင့် ပတ်သက်၍ ဖန်တီးနိုင်စွမ်းသောတွေးခေါ်ဥာဏ်" ဆောင်းပါးနှင့် Book Club အဖွဲ့ဝင် မနွေဦးခိုင် က ''ချီးမွမ်းစကားပြောကြားခြင်း " ဆောင်းပါးတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ဆောင်းပါးများတွင်ပါဝင်သည့် အကြောင်းအရာများထဲမှ "ဘဝတစ်သက်တာအတွင်း လူသားအားလုံး၏အများအားဖြင့် အလိုချင်ဆုံးအရာနှစ်ခုမှာ အောင်မြင်ခြင်းနှင့်ပျော်ရွှင်ခြင်း ဖြစ်ကြောင်း၊ လူသားအားလုံးတွင် တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှုများရှိကြောင်း၊ ပြောဆိုဆက်ဆံရေး ကောင်းမွန်သူသည် စီးပွားရေး လုပ်ငန်း နယ်ပယ် ထဲတွင် ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ အောင်မြင်မှုရရှိသည်ကို တွေ့ရှိရကြောင်း၊ ကောင်းမွန်သော ဆက်ဆံရေးသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကျေနပ်မှုအမျိုးမျိုးကို ဖြစ်စေတတ်ပြီး တစ်ချိန်တည်းမှာပင် တစ်ဖက် လူတို့၏အတ္တကို နင်းချေပစ်နိုင်ကြောင်း၊ ကောင်းမွန်သော ဆက်ဆံရေးဖြစ်စေရန် လုပ်ငန်းခွင်အတွင်း၌လည်းကောင်း၊ မိသားစုအတွင်း၌လည်းကောင်း စိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်မှုနှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖေးမ နားလည်မှုများ အဓိကလိုအပ်ကြောင်း၊ ချီးမွမ်းစကားပြောကြားခြင်းသည် တစ်ဖက်လူ၏မကောင်းသည့် ခံစားချက်များကိုဖယ်ရှားပြီး တက်ကြွရွှင်လန်းကျေနပ်မှုဖြစ်စေသည့် စွမ်းအင်များကိုဖြစ်စေကြောင်း၊ မိမိ၏အလုပ်ကိုပြီးမြောက် အောင်မြင်အောင်လုပ်ပေးသူတို့အား မိမိဘက်က အတတ်နိုင်ဆုံး ချိုသာသောလေသံဖြင့် ချီးကျူးစကား သို့မဟုတ် ကျေးဇူးတင်စကား ပြောကြားပေးသင့်ကြောင်း"တို့ကို ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

ရီရီမြင့်

ကျိုက်လတ် (ပြန်/ဆက်)