ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး ခေါင်းစဥ်ဖြင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရေစကြို မတ် ၂၀

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့ နေပြည်သူများနှင့် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ၊ ဈေးဆိုင်များ သိရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေးခေါင်းစဉ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာနမှ ဝန်ထမ်းများက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီက ဦးစီးထုတ်ဝေသည့် ဖန်ခါးမြေ  အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားများ၏ အသက်ရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကလေးအလုပ်သမားဆိုသည်မှာ ILO ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ကလေးအလုပ်သမားဟူသည် ၎င်း၏ကလေးဘဝ၊ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတတ်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုးလုပ်ကိုင်နေရသူများကိုဆိုသည်။ ထိုအလုပ်မျိုးသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စာရိတ္တပိုင်းဆိုင်ရာကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး သို့မဟုတ် ၎င်းတို့၏ ပညာရေးကိုထိခိုက်စေမည့်၊ ကျောင်းတတ်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတန်မီ ကျောင်းမှမဖြစ်မနေထွက်ရခြင်း၊ ကျောင်းတတ်ခြင်းနှင့်အတူ ပြင်းထန်သောအလုပ်ကို အချိန်ကြာမြင့်စွာလုပ်ကိုင်ရခြင်း စသည့် အကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မောင်လုလင် (ရေစကြို)