ကသာ မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့ ပန်းချီဆရာများအသင်းတို့ဖြင့် ပူးပေါင်း၍ ပန်းချီ၊ ပိုစတာ၊ ကာတွန်း အခြေခံရေးဆွဲနည်း သင်တန်းအခမဲ့ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ခရိုင်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဝါသနာပါရာပန်းချီပညာကို စနစ်တကျတတ်မြောက်စေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပန်းချီ၊ ပိုစတာ၊ ကာတွန်းသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လူငယ်၊ လူရွယ်များအတွက် ပန်းချီပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ပန်းချီဆရာ ဦးကျော်ဆွေက ပန်းချီ၊ ကာတွန်း၊ ပိုစတာရေးဆွဲရခြင်းနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပန်းချီ၊ ပိုစတာ၊ ကာတွန်း သင်တန်းကို မတ်လ (၂၀) ရက်နေ့မှ ဧပြီလ (၁၂) ရက်အထိဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နံနက် (၉) နာရီမှ နံနက် (၁၁) နာရီအချိန်အထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း၊ ပန်းချီသင်တန်းတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၀၈)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရှိရသည်။
ကျော်စွာ (ကသာ)