ခန္တီးမြို့တွင် ဆီထွက်သီးနှံများ မျိုးစေ့လုံလောက်စွာရရှိရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ခန္တီး မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်စိုက်ပျိုးရေးဉီးစီးမှူးရုံးမှဉီးစီး၍ ဆီထွက်သီးနှံများ မျိုးစေ့လုံလောက်စွာရရှိရန်အတွက် မျိုးစေ့ထုတ်လုပ်သည့်လုပ်ငန်းများသိရှိနားလည်စေရန် ရည်ရွယ်၍ ဆီထွက်သီးနှံများ မျိုးစေ့လုံလောက်စွာရရှိရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၀ ရက်နေ့ နံနက် (၁၀) နာရီအချိန်၌ ခရိုင်စိုက်ပျိုးရေးဉီးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ ခရိုင်စိုက်ပျိုးရေးဉီးစီးမှူး ဉီးနိုင်မော်လွင်က ဆီထွက်သီးနှံများ မျိုးစေ့လုံလောက် စွာရရှိရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ မြို့နယ် စိုက်ပျိုးရေးဉီးစီးမှူး ဒေါ်စုစုခိုင်က ခန္တီးခရိုင်၏ ဆီထွက်သီးနှံစိုက်ပျိုးမှုအခြေအနေ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဉီးဉာဏ်လွင်၊ ဉီးဝင်းညွှန့်နှင့် ခရိုင်စိုက်ပျိုးရေး ဉီးစီးမှူး ဉီးနိုင်မော်လွင်တို့မှ တက်ရောက်လာသော ဒေသခံတောင်သူများအား ရွှေတမာဩဂဲနစ် ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ခရိုင်မျိုးစေ့တာဝန်ခံ ဉီးဝင်းကျော်ထွန်းက ဆီထွက်သီးနှံများ( နေကြာ၊ မြေပဲ၊ နှမ်း) မျိုးစေ့ထုတ်လုပ်ခြင်း၊ မျိုးထိန်းခြင်း၊ မျိုးခံခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကာ ခရိုင်သီးနှံတာဝန်ခံ ဉီးမင်းမင်းဇော်က ဆီထွက်သီးနှံများ (နေကြာ၊ မြေပဲ၊ နှမ်း) သီးနှံများတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်းခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး ဆီထွက်သီးနှံများ မျိုးစေ့ထုတ်လုပ်ရရှိရေးနှင့်ပတ်သက်၍ စားပွဲဝိုင်းအလိုက်ဆွေးနွေးတင်ပြခြင်း၊ ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)