ပန်းတနော် မတ် ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယမန်နေ့ နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ချောင်းကလေးကျေးရွာအုပ်စု ဘုရားငူ-တလပန်းကျေးရွာ အောင်မြင်ဇေယျ ကျောင်းတိုက်နယ်ပိုင်း အတွင်းရှိ သာသနာ့စိန်ရောင်ခြည် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရွှေထီးတော်အသစ်တင်လှူပွဲသို့ တက်ရောက် ကြည်ညိုခဲ့သည်။
ရှေးဦးစွာ ရွှေထီးတော်မြတ်ကြီး သီတင်းသုံးတော်မှုရာ ဂန္ဓကုဋီကျောင်းတော်သာသို့ သံဃာတော်များအား ပင့်ဆောင်တော် မှုကာ ရွှေထီးတော်မြတ်ကြီးအား မဟာပဏာမ နမောတဿဂါထာ တော်မြတ်ဖြင့် ပူဇော်၍ မေတ္တာသုတ်ပရိတ်တော် မြတ်များ ရွတ်ပွားပူဇော်ပြီး အမွှေးနံ့သာရေများ ပက်ဖျန်းပူဇော်ကာ ဒါယကာ၊ ဒါယိကာမများက ဒေဝါဝင်း၊ ရာဇာဝင်း များဖြင့် ရွှေထီးတော်မြတ်ကြီးကို ခြံရံပင့်ဆောင်ကြ၍ သာသနာ့စိန်ရောင်ခြည် ဆုတောင်းပြည့် စေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ပူဇော်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ အနောက်တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက ရွှေထီးတော်ဘုံ အဆင့်နှင့် ငှက်မြတ်နားတော်၊ စိန်ဖူးတော် တို့ကို စေတီတော်အထွတ်သို့ မင်္ဂလာပန်းရထားဖြင့် တင်လှူပူဇော်ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓဘိသေက ဥဒါန မင်္ဂလာဂါထာများဖြင့် ရွတ်ပွားပူဇော်ကာ ရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုးကြသည်။
ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပရာ ဒါယကာ၊ ဒါယိကာမများက ငါးပါး သီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော် များကို နာယူကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ အနောက်တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာ တရားတော် ဟောကြား၍ ရေစက်သွန်းချအမျှပေး ဝေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)