လက်ပံတန်းမြို့နယ်တွင် သာယာဝတီခရိုင်အသေးစားစက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

လက်ပံတန်း မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေနံနက် ၁၀ နာရီက ချမ်းသာကုန်းကျေးရွာအုပ်စု စိုက်ပျိုးရေးအထွက်တိုးစခန်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားရာ ဒေသတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုလို လူသုံးကုန်ထုတ်လုပ်မှု အသက်မွေးဝမ်းကျောင်းပညာရပ် သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ လယ်ယာထွက်ကုန်များနှင့် သဘာဝသံယံဇာတများကို အခြေခံပြီး အိမ်တွင်းအသေးစားစက်မှု လက်မှုလုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်များရရှိအောင် သင်တန်းတက်ရောက်သူများအနေဖြင့် သင်တန်းအပေါ် အာရုံစိုက်ပြီး ဂရုတစိုက် လေ့လာသင်ကြားကြစေလိုကြောင်း၊ သင်တန်းမှရရှိလာမည့် နည်းစနစ်များကို အခြေခံကာ မိမိတို့နယ်ပယ်တွင် တီထွင်ဖန်တီးမှုများနှင့်ပေါင်းစပ်၍ တစ်ပိုင်တစ်နိုင် ထုတ်လုပ်မှုမှတစ်ဆင့် စနစ်တကျမှတ်ပုံတင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားစေလို​ကြောင်း ပြောကြားပြီး သာယာဝတီခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးဖြိုးအောင်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းခဲ့သည်။

အဆိုပါသင်တန်းတွင် ဆပ်ပြာ၏ အခြေခံသဘောတရားများ၊ ဆပ်ပြာပြုလုပ်ရာတွင် ဓါတုဗေဒ ကုန်ကြမ်းပစ္စည်းများ၏ အသုံးဝင်ပုံ၊ အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာနှင့် ရေချိုးဆပ်ပြာ ဆီများအား (သဘာဝနည်းနှင့် ဓါတုနည်း) အသုံးပြုပြီး ထုပ်လုပ်ပုံအဆင့်ဆင့်၊ သဘာဝခေါင်းလျှော်ရည်၊ ဆပ်ပြာမှုန့်၊ Scrub အမျိုးမျိုး၊ ဆီအခြေခံဆပ်ပြာခဲ အမျိုးမျိုး ပြုလုပ်နည်း၊ ဆံသားအားဖြည့်ပေါင်းဆီ၊ Hand Wash Hand Sanitizer Hand Spray Quality Control and Packaging နှင့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်ပတ်သက် သည်များအပြင် အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများစသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ဖြင့် စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ညွန့်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ​မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ညိုနှင့်အဖွဲ့ဝင်များ တက်ရောက် ပြီး သင်တန်းကို သင်တန်းသား/ သင်တန်းသူ (၂၀)ဦးဖြင့် မတ်လ ၂၀ ရက်မှ ၂၄ ရက် နေ့အထိ (၅)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)