စစ်ကိုင်း မတ် ၂၀
စစ်ကိုင်းခရိုင် မူးယစ်တားဆီးရေးအဖွဲ့မှကြီးမှူး၍ အပြည်ပြည်ဆိုင်ရာမူးယစ်အလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုပန်းချီ၊ ပိုစတာ၊ ကာတွန်းနှင့်ကွန်ပျူတာပန်းချီပြိုင်ပွဲ အခမ်းအနားကို မတ်(၂၀) ရက်၊ နံနက် (၁၀) နာရီက စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းချီပြိုင်ပွဲတွင် “ မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ လူမှုဘဝ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပိုစတာပြိုင်ပွဲတွင် “ငါတို့ရဲ့အနာဂတ် သာယာလှပဖို့၊ မူးယစ်ကင်းစင်ကမ္ဘာ ဖန်တီးစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် “ လူသားချင်းစာနာကျန်းမာဖို့၊ စိန်ခေါ်မူးယစ် တိုက်ဖျက်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကာတွန်းပြိုင်ပွဲတွင် “မူးယစ်ဆေးရန် တို့တွန်းလှန်၊ ကြိုးစားတိုက်ဖျက်နိုင်ငံအတွက် ခေါင်းစဉ်များဖြင့်လည်းကောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၇) ဦးတို့က ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်နှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်မူးယစ်တားဆီးရေးအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှူ့အားပေးခဲ့ကြပြီး လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)