ပေါက်ခေါင်း မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် ပါဠိပထမပြန်စာမေးပွဲဖြေဆိုကျင်းပနိုင်ရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အမှာစကားပြောကြားပြီး ပါဠိပထမပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် စာဖြေသံဃာ ၂၉ ပါးအတွက် နေ့စဉ်ဆွမ်း၊အချိုရည် ဆပ်ကပ်နိုင်ရေးနှင့်စာဖြေသံဃာများ သွားလာနေထိုင်ရေးစသည့်တို့ကိုအတွက် ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ညှိနှိုင်းဆွေးနွေးသည်။ ဆက်လက်၍ (၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကိုယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် သင်္ကြန်ပွဲတော်ကာလအတွင်း ဗဟိုရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးအစီအစဉ်နှင့် ယိမ်းအကအဖွဲ့များ၊ ပြည်သူများအေးချမ်းစွာ ရေကစားနိုင်ရေးနှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့နိုင်ရေးနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပပြုလုပ်နိုင်ရေးတို့အတွက် မဟာသင်္ကြန်ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် လုပ်ငန်းကော်မတီဝင်ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိမြို့ဖများက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)