ပွင့်ဖြူမြို့နယ်၌ ပြည်သူများ စိတ်အေးချမ်းစွာ အပန်းဖြေနိုင်ရေးအတွက် ပွင့်မာလာပန်းခြံတွင် ပန်းအလှပင်များ စိုက်ပျိုးခြင်းနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ပွင့်ဖြူ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား အစဉ်အမြဲ သန့်ရှင်း သာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပြည်သူများ အားလပ်ချိန်များတွင် စိတ်အပန်းဖြေနိုင်ရန် ဆောင်ရွက်ထားရှိသည့် ပွင့်မာလာပန်းခြံအား သန့်ရှင်းသာယာရေးလုပ်ငန်းများနှင့် ပန်းအလှပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထိုသို့ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်မာလာပန်းခြံ ပတ်ဝန်းကျင်ရှိ  လမ်းဘေး(ဝဲ၊ ယာ) အုတ်ရေနုတ်မြောင်းများရှိ သဲနုန်းနှင့် ရွှံ့နွံများ၊ သစ်ရွက်ခြောက်များနှင့် အမှိုက်သရိုက်များကို ရေစီးရေလာကောင်းမွန်စေရန် ဆယ်ယူရှင်းလင်းခြင်း၊ လမ်းဘေးတစ်လျှောက် သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ ပန်းခြံအတွင်း သာယာစိမ်းလန်းစိုပြည်စေရန် ဇင်းမယ်ရွက်လှပန်းပင်နှင့်  ဂျားဗား ပုဏ္ဏရိပ်ပန်းပင်များ စိုက်ပျိုးခြင်း၊ မြေယာမြက်ခင်းနှင့် ပန်းအလှပင်များ အလှပုံဖော်ခြင်းနှင့် အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပန်းခြံအဝင်လျှောက်လမ်းများ ဆေးရောင်ခြယ်ခြင်း၊ ပန်းခြံအတွင်းရှိ ထိုင်ခုံတန်းလျားများ ဆေးသုတ်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ် အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရန် စည်းကမ်းမဲ့ စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ မြို့တွင်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းဘေး ပလက်ဖောင်းများ သစ်လွင်တောက်ပစေရန် ဆေးသုတ်ခြင်း၊ လမ်းဆုံလမ်းခွများ၌ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်ထားရှိသော Slow Down များ ပြုပြင်ထိန်းသိမ်းခြင်း၊ သာယာစိမ်းလန်းစိုပြည်စေရန် စိုက်ပျိုးထားရှိသော Flower Box များ ဆေးသုတ်ခြင်းနှင့် ပန်းအလှပင်များ ရေဖျန်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့မစည်ပင်သာယာဈေးနှင့် ကျေးလက်ဈေးများ အပတ်စဉ် ဈေးသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပြည်သူလူထု စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်း စသည့် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)