ပလောက်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံလုံခြုံရေး အထူးရဲ တပ်ဖွဲ့ သင်တန်းဖွင့်လှစ်

ပလောက် အောက်တိုဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပလောက်နယ်မြေ ရဲစခန်းမှ အထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၈)နာရီခွဲခန့်က ပလောက်မြို့၊ အခြေခံပညာ အထက်တန်း ကျောင်း KG ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပလောက်မြို့ အုပ်ချုပ်ရေးမှူး ဦးမျိုးဝေက အဖွင့်အမှာစကား ပြောကြားပြီး ပလောက် နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးဝင်းက သင်တန်းသားများအနေဖြင့် မိမိတို့ တာဝန်ကျရာ မဲရုံများတွင် လုံခြုံရေး တာဝန်များ ဆောင်ရွက်ရာ၌ အထောက်အကူပြုရန် အခက်အခဲပြဿနာများ ဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ တာဝန်ရှိသူ အဆင့်ဆင့်ထံ ဆက်သွယ်သတင်းပို့နိုင်ရေးအတွက် မဲရုံအလိုက် သန္ဓေတပ်ဖွဲ့ဝင်များကိုလည်း လုံခြုံရေးတာဝန်များ ချထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားသည်။

အဆိုပါ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ (၂၅) ဦးကို အောက်တိုဘာလ (၁) ရက်နေ့မှ  အောက်တိုဘာလ (၂၈) ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်ပို့ချပေး သွားမည်ဖြစ်ကြောင်း ပလောက်နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးဝင်းထံမှ သိရသည်။

နှင်းမြူလွင် ပလောက်ပြန်/ဆက်