မြို့သစ် အောက်တိုဘာ ၁
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် ကပ်ထား ကြေညာခြင်းကို မြို့သစ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေညာထားကြောင်း သိရသည်။
မဲဆန္ဒရှင်များစာရင်းကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက် ထိ ၁၄ ရက်ကြာသက်ဆိုင်ရာ ရပ်ကွဲရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ်အ ဖြစ်ကပ်ထားကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းကိုလာရောက် ကြည့်ရှုစစ် ဆေး၍ မိမိအမည်မဲစာရင်းတွင်မပါဝင်ပါကပုံစံ(၃)ဖြင့်မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်း ဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကိုဆောင်ရွက်နိုင်ပြီး လိုအပ်သည့် ပုံစံ များကိုလည်း ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်းသိရသည်။
အဆိုပါ မဲဆန္ဒရှင်များစာရင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်ထိ ပထမ အကြိမ်ကပ်ထားကြေညာခဲ့ပြီး ယခုအကြိမ် ကပ်ထားကြေညာခြင်းမှာ နောက်ဆုံးကပ်ထား ကြေညာ ပေးခြင်းဖြစ်ရာမဲဆန္ဒရှင် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနေ့တွင် လွယ်ကူစွာ မဲပေးနိုင်ရေး အ တွက်အိမ်ထောင်စုတစ်စုလျင် အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရှု ကြစေရန်နှင့်မိမိနှင့် မိသားစု တို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့်ရွေးကောက်ပွဲနေ့ မဲရုံတွင် မဲ လက်မှတ်ထုတ် ယူရာ၌ အချိန်ကုန်သက်သာစေရေး ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံအသိပေးကြေညာထားသည်။
အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ရာ မြို့သစ်မြို့နယ်၌ မဲရုံပေါင်း ( ၁၆၉ )ရုံ လျာထားသတ်မှတ်ထားပြီး မဲဆန္ဒရှင်ဦးရေစုစုပေါင်း (၁၃၄၄၅၇) ဦးရှိကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်/ဆက်)