တန့်ဆည်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ

တန့်ဆည်   ဖေဖော်ဝါရီ  ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တန့်ဆည်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးညိုထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စာအုပ်/စာစောင်ချစ်မြတ်နိုးသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား/သူများနှင့် တက်ရောက်လာသူများက စာအုပ်ဆိုင် များအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါစာပေပွဲတော်ကို ရန်ကုန်အခြေစိုက် စာပေတိုက် (၂၀)ကျော်က ကလေးစာပေ၊ သုတ ရသစာပေ၊ ရှားပါးစာအုပ်များအား ဖေဖော်ဝါရီ(၂၈)ရက်မှ  မတ်(၃)ရက်နေ့အထိ နေ့စဉ် နံနက်(၉) နာရီမှ ည(၉)နာရီထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)