မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မြောင်းမြ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community   Centre)ခန်းမတွင် ယနေ့နံနက် ၁၀:၃၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(BookClub)အဖွဲ့နှင့်  စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။  အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်  လူငယ်နှင့် ဇွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ Book  Club အဖွဲ့ နာယက ဆရာကြီး ဦးကျင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ ဥက္ကဋ္ဌ ဦးညီညီဌေးက “ကောင်းသောစကားနှင့် ကောင်းသောစာ” ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဆရာမကြီးဒေါ်အုန်းကြိုင်က “တန်ဖိုးရှိဆုံးအရာ” ဖြင့်လည်းကောင်း၊ ဆရာလရောင်လင်း(မြန်မာ့ဂုဏ်ရည်)က “စာဖတ်ခြင်းဖြင့် ကြီးမြင့်လိမ့်မည်” ဖြင့်လည်းကောင်း၊ ဦးလှထွဋ်ဦးက “ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့် (သို့)ဖန်တီးသူတို့၏ အခွင့်အရေး” ဖြင့်လည်းကောင်း၊ ဒေါ်တင်လဲ့လဲ့ဦးက “ချစ်သောမျက်စိဖြင့်ကြည့်ပါ” ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက “လူငယ်နှင့်ဇွဲ” စာအုပ်ပါ အကြောင်းအရာများကို ထင်မြင် ယူဆချက်များ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)